International News

ဩစတြေးလျ ကာနိုလာဆီထွက်သီးနှံတင်ပို့မှု တိုးတက်လျက်ရှိခြင်း

Last Updated:

ဩစတြေးလျ အစိုးရသည် ပို့ကုန်တင်ပို့သူများ ဈေးကွက်အသစ်ရရှိရေးအတွက် ကူညီပံ့ပိုးပေးလျက်ရှိရာ ယခုအခါ ကာနိုလာဆီထွက်သီးနှံအတွက် ပါကစ္စတန်ဈေး ကွက်ကို (၅) နှစ်အကြာတွင် ပြန်လည်ရရှိခဲ့ကြောင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက  ၉-၁၁-၂၀၂၁ ရက်နေ့တွင် သတင်းထုတ်ပြန် ထားပါသည်။

ဩစတြေးလျအစိုးရနှင့် ပါကစ္စတန်အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပင်ရောဂါပိုးမွှားကင်းစင်မှုနှင့် တင်သွင်းမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ဩစတြေးလျ ကာနိုလာမျိုးစေ့ထုတ်လုပ်သူများသည် ယခုနှစ်နှောင်းပိုင်းတွင် ပါကစ္စတန်နိုင်ငံသို့ မျိုးစေ့များ တင်ပို့ရောင်းချမှုကို ပြန်လည်စတင်နိုင်မည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် ပို့ကုန်လုပ်ငန်းရှင်များအတွက် သိသာထင်ရှားသော ဝင်ငွေရရှိစေပြီး၊ ပြည်တွင်းအလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုး ပေးနိုင်ရန် မျှော်လင့်ထားသည်။ ပါကစ္စတန်နိုင်ငံသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဩစတြေးလျနိုင်ငံမှ ကာနိုလာဆီထွက်သီးနှံကို ဩစတြေးလျဒေါ်လာ ၃၀ သန်းဖိုး နောက်ဆုံးတင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ကုန်သွယ်ရေးဝန်ကြီးက အစိုးရသည် သြစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များကို ဒေါ်လာ ၇၃  သန်း အကူအညီဖြစ်သည့် Agribusiness Expansion Initiative အစီအစဉ် နှင့် Austrade ၏ ပံ့ပိုးကူညီမှုတို့ဖြင့် နိုင်ငံတကာဈေးကွက်သစ်များသို့ တင်ပို့နိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပို့ကုန်တင်ပို့သူများသည် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီခြင်းတို့ဖြင့် ဩစတြေးလျစီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေး ကိုတစ်ဖက်တစ်လမ်းမှ ကူညီလျက်ရှိပါ ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအား နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရန် ကူညီပေးသည့် Agribusiness Expansion Initiative နှင့် International Freight Assistance Mechanism (IFAM) ကဲ့သို့သော အစီအစဉ်များအပြင် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်များကို တက်ကြွစွာပါဝင် အကောင် အထည်ဖော်ဆောင်ခြင်းဖြင့် ဈေးကွက်စုံလင်ကွဲပြားစွာ တင်ပို့နိုင်ရေး ပံ့ပိုးကူညီလျက်ရှိပါကြောင်း ထုတ်ဖော်ပြောထားပါသည်။

ပါကစ္စတန်နိုင်ငံသည် ဩစတြေးလျထုတ်လုပ်သူများအတွက် အရေးပါသော ဈေးကွက်တစ်ခုဖြစ်လာရန် အလားအလာများစွာရှိပါကြောင်း၊ နှစ်ပေါင်းများစွာ တင်ပို့နိုင် ခြင်းမပြုခဲ့ရသည့်ဈေးကွက်သို့ ပြန်လည်တင်ပို့ခွင့်ရရှိခြင်းဖြစ်ရာ ဩစတြေးလျထုတ်လုပ်တင်ပို့သူများအတွက် အခွင့်အလမ်းများစွာကို ရရှိစေခြင်းဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံမှ ပါကစ္စတန်နိုင်ငံသို့ ပဲအမျိုးမျိုး၊ သစ်သီးဝလံ၊ ချည်နှင့် ကျွဲ၊ နွားအရှင် စုစုပေါင်းတန်ဖိုး ဩစတြေးလျဒေါ်လာ ၁၉၄ သန်း တင်ပို့နိုင်ခဲ့ပြီး၊ တစ်နှစ်ထက်တစ်နှစ် ၃၅ % တိုးတက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခု ကာနိုလာဆီထွက်သီးနှံတင်ပို့ခွင့် ပြန်လည်ရရှိခဲ့ရာ ပါကစ္စတန်ဈေးကွက်မှာ ဩစတြေးလျ ထုတ်လုပ်တင်ပို့သူများအတွက် ကြီးထွားတိုးတက်လာရန် အလားအလာများစွာရှိသော ဈေးကွက်အဖြစ် ပေါ်ထွန်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News