International News

ဩစတြေးလျ မက်မွန်သီးများကို ဆယ်စုနှစ်တစ်ခုအတွင်း ဗီယက်နမ်နိုင်ငံ ပထမဆုံးအကြိမ် ပြန်လည်တင်ပို့မည်

Last Updated:

ဩစတြေးလျ မက်မွန်သီးများကို ဆယ်စုနှစ်တစ်ခုအတွင်း ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်တင်ပို့တော့မည်ဖြစ် ကြောင်း ABC သတင်းက ရေးသားဖော်ပြထားသည်။ ဗီယက်နမ်အာဏာပိုင်များသည် နိုင်ငံတွင်းသို့ ပိုးမွှားနှင့် ရောဂါများဝင်ရောက် ခြင်းမှ ကာကွယ်ရန် အပင်ပိုးမွှားသဘောတူညီချက် (photosanitary protocol) လိုအပ်ကြောင်း ဆုံးဖြတ်ပြီးနောက် ဩစတြေးလျ နွေရာသီ သစ်သီးစိုက်ပျိုးသူများသည် လွန်ခဲ့သည့် (၁၀)  နှစ်က ဗီယက်နမ်နိုင်ငံ ဈေးကွက်ဝင်ရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။

နွေရာသီသစ်သီးဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ Ian McAlister က စျေးကွက်ပြန်လည် ဖွင့်လှစ်ခြင်းသည် လုပ်ငန်းကဏ္ဍအတွက် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်းနှင့် သြစတြေးလျနှင့် ဗီယက်နမ်နိုင်ငံ အစိုးရများအကြား သဘောတူညီချက် များကို လက်မှတ်ရေးထိုးထားသော်လည်း လုပ်ငန်းအစီအစဉ် အသေးစိတ်မပြီးမချင်း မက်မွန်သီးများကို တင်ပို့၍မရနိုင်ကြောင်း၊ မတ်လနှင့် ဧပြီလများတွင် ကုန်သွယ်မှုပမာဏ အနည်းငယ်ရှိနိုင်သော်လည်း လာမည့်နှစ်အစောပိုင်းတွင် တင်ပို့မှုအများအပြား ရှိလာ နိုင်ကြောင်း  Mr McAlister က ပြောကြားခဲ့ သည်။

စိုက်ပျိုးမွေးမြူရေးဝန်ကြီး David Littleproud က လာမည့်လများအတွင်း အစမ်းတင်ပို့မှုများပြုလုပ်နိုင်ရန် လုပ်ငန်းကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဗီယက်နမ်သည် ဩစတြေးလျ အဆင့်မြင့်ထုတ်ကုန်များအတွက် ဦးစားပေးစျေးကွက်ဖြစ်ပြီး နည်းပညာဆိုင်ရာ ညှိနှိုင်းမှုများပြီးမြောက်ပါက မက်မွန်သီးများသည် တန်ဖိုးရှိသော ဗီယက်နမ်စျေးကွက်သို့ ဝင်ရောက်နိုင်မည်ဖြစ် ပါကြောင်း၊ ဩစတြေးလျအစိုးရ၏ လယ်ယာထွက်ကုန်တိုးချဲ့မှု အစီအစဉ်သည် ဗီယက်နမ်တွင်စျေးကွက်ရရှိရေး ရလဒ်များကို အရှိန် မြှင့်တင်ရန် ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးနိုင်ခဲ့သော်လည်း လုပ်ငန်းကဏ္ဍကိုယ်စားလှယ်များက မျက်နှာချင်း ဆိုင်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါက လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံမှ နည်းပညာဆိုင်ရာကိုယ်စားလှယ်များ သြစတြေးလျသို့ မလာရောက်မီ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအစည်းအဝေးတွင် ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန်အတွက် အစီအစဉ်များကို အပြီးသတ်ရန်ရှိခဲ့သော်လည်း ယင်းအစား ဆွေးနွေးညှိနှိုင်းမှုများကို Video Conferencing ဖြင့်ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံနှင့် ဆောင်ရွက်မည့်  သဘောတူညီချက်သည် တရုတ်ဈေး ကွက်အတွက် ချမှတ်ထားသည့်အရာနှင့်တူညီကြောင်းနှင့် သဘောတူညီချက်တွင် ဆီးသီးနှင့် တရုတ်ဆီးသီး (apricots) တင်ပို့မှုများ အကျုံးမဝင်ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News