International News

ဩစတြေးလျဟင်းသီးဟင်းရွက်တင်ပို့သူများအတွက် ထိုင်ဝမ်သို့ ပိုမိုတင်ပို့နိုင်မည့် အခွင့်အလမ်းများရရှိခြင်း

Last Updated:

ဩစတြေးလျထုတ်ကုန်များသည် ဘေးကင်းမှု၊  အရည်အသွေးမြင့် အစားအစာနှင့် ရာသီအလိုက် ထောက်ပံ့ပေးစွမ်းနိုင်မှုတို့ကြောင့် ထိုင်ဝမ်ဈေးကွက်တွင် သြစတြေးလျထုတ်ကုန်များ၏ ယှဉ်ပြိုင်မှုအားသာချက်ကို ဖြစ်ပေါ်စေပါသည်။ ထိုင်ဝမ်သို့ ဩစတြေးလျဟင်းသီးဟင်းရွက်တင်ပို့မှာ ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၂၁ % တိုးတက်ခဲ့ပါသည်။ တင်ပို့မှုတန်ဖိုးတွင် ကြက်သွန် ၆၃ %၊ အာလူး ၁၉ % နှင့် မုန်လာဥနီ ၁၄၄ % အသီးသီးမြင့်တက်ခဲ့ခြင်းဖြစ် ပြီး၊ ယင်းသို့ ဝယ်လိုအားမြင့်တက်ရခြင်းမှာ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်ထုတ်ကုန် လိုအပ်ချက်တိုးတက်လာမှုနှင့် ပြည်တွင်းရှိကာလတို ထောက်ပံ့မှု ကန့်သတ်ချက်များကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှစတင်ကာ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်အထိ ရေပြတ်လပ်မှုကြောင့် ထိုင်ဝမ် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုကို ထိခိုက်နစ်နာခဲ့ရပါသည်။ ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းမှ တိုင်ဖွန်းရာသီကလည်း ထုတ်လုပ်မှုကိုထိခိုက်ခဲ့ရာ ပြည်တွင်းပုံမှန်ထောက်ပံ့အား ကျဆင်းခြင်းကြောင့် ဒေသထွက် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပါသည်။

ထိုင်ဝမ်သည် ကမ္ဘာပေါ်တွင် စတိုးဆိုင်ဒုတိယသိပ်သည်းမှုအများဆုံးဖြစ်ပြီး၊ မကြာသေးမီနှစ်များအတွင်း လက်လီဆိုင်များ အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာမှုကြောင့် စားသုံးသူများသည်  အစားအသောက်နှင့် အဖျော်ယမကာထုတ်ကုန်များကို ပိုမိုဝယ်ယူခွင့်ရရှိစေခဲ့သည်။ ထိုင်ဝမ်၏ အစားအသောက်နှင့် အဖျော်ယမကာရောင်းချမှု သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈.၈ ဘီလီယံအထိရောက်ရှိခဲ့ပြီး၊ ၂၀၁၈ နှင့်နှိုင်းယှဉ်ပါက ၁.၇၈ % တိုးတက်လာခြင်းဖြစ်ပါသည်။ ထိုင်ဝမ်စားသုံးသူများ သည် ဘေးကင်းပြီး၊ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များကို နှစ်သက်ကြပြီး၊ အဆိုပါနှစ်သက်မှုသည် စားသုံးသူများက  အရည်အသွေးမီ စိုက်ပျိုး ထွက် ကုန်များကို တန်ဖိုးထားခြင်းနှင့်အတူ အစားအသောက်အတွက် တစ်ဦးချင်းစီ၏ အသုံးစရိတ်ကို မြင့်မားစေမည်ဖြစ်သည်။ တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်ထုတ်ကုန် များ၊ ချက်ပြုတ်ရန် အဆင်သင့် (သို့)  ပြင်ဆင်ရန်လွယ်ကူသော ရွေးချယ်မှုများရှိရာ ကျန်းမာရေးနှင့်ညီညွတ်ပြီး၊ လွယ်ကူအဆင်ပြေသော အစားအစာထုတ်ကုန်များ အတွက် စားသုံးသူအကြိုက် ဖြစ်စေနိုင်ပါသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထိုင်ဝမ်သည် ဩစတြေးလျနိုင်ငံ၏ (၁၃) ခုမြောက် အကြီးဆုံး ဟင်းသီးဟင်းရွက်ပို့ကုန်ဈေးကွက်ဖြစ်ပြီး၊ အဓိကတင်ပို့သော ဟင်းသီး ဟင်းရွက်များမှာ ကြက်သွန်နီ (ဩစတြေးလျဒေါ်လာ ၄.၈ သန်းဖိုး)၊ အာလူး (ဩစတြေးလျဒေါ်လာ ၃.၃ သန်းဖိုး)၊ ကညွတ် (ဩစတြေးလျဒေါ်လာ ၁.၂ သန်းဖိုး) နှင့် မုန်လာဥနီ (ဩစတြေးလျဒေါ်လာ ၁ သန်းဖိုး) အသီးသီးတင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက ထိုင်ဝမ်သို့ ဩစတြေးလျ ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ ၃၅ % မြင့်တက်လာခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: Austrade

Category: International News