International News

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးအခြေအနေအကျဉ်းချုပ်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်မှ (၁၀)ရက်နေ့အတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ (၁၅) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၀.၈) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခင်နှစ် ကာလတူ ထက် ပို့ကုန်တွင်(၀.၂)%၊ သွင်းကုန်တွင် (၇.၆) ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရှိရပါသည်။ သို့ရာတွင် ယခု စက်တင်ဘာလသည် ၂၀၂၀ ပြည့်နှစ်၏ (၇)လတာအတွင်း ပထမဦးဆုံးအနေဖြင့် ပို့ကုန်ပြန်လည်ဦးမော့လာနိုင်ပြီး၊ ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပိုမိုနိုင်ကြောင်း (၂၈-၉-၂၀၂၀)ရက်နေ့တွင် ထုတ်ပြန်သည့် ရိုက်တာသတင်း တစ်ရပ်က ခန့်မှန်းထားပါသည်။ အကြောင်းရင်းမှာ ယခင်နှစ်ကထက် ချူဆော့ပိတ်ရက်သည် ယခုနှစ်အတွက် လကုန်မှစတင်သဖြင့် လုပ်ငန်းဆောင်ရွက်မှု နေ့ရက်အရေအတွက်သည် (၂.၅)ရက်ခန့် ပိုမိုများသည့်အပြင်၊ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံ Huawei ကုမ္ပဏီကို စီးပွားရေးဆိုင်ရာ ပိတ်ဆို့ခဲ့မှုအရေးကိစ္စနှင့်စပ်လျဉ်း၍ ထိုသို့ မဆောင်ရွက်မီ Microchips ကုန်စည်များ ကြိုတင်ဝယ်ယူသိုလှောင်ခဲ့၍ တရုတ်နိုင်ငံသို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ခဲ့ သဖြင့်ဖြစ်ကြောင်း သိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွက် ကုန်သွယ်မှု စာရင်းအား သက်ဆိုင်ရာ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ဆောင်မှုဌာနတို့မှ     အောက်တိုဘာလ၊ (၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော Huawei ကုမွဏီအပေါ်  အမေရိကန် ပြည်ထောင်စု မှ ပိတ်ဆို့မှု (Sanctions )များ ထပ်တိုးဆောင်ရွက်ခဲ့ပြီး ယင်းသည် (၁၅-၉-၂၀၂၀) ရက်နေ့မှ စတင် အသက်ဝင်ခဲ့ရာ၊ အကျိုးဆက်အနေဖြင့် တောင်ကိုရီးယားထိပ်တန်း နည်းပညာကုမ္ပဏီကြီးများဖြစ်သော Samsung Electronics Co., Ltd. နှင့် SK Hynix Inc. တို့အပေါ်တွင် ထိခိုက်မှုရှိလာမည်ဖြစ်ပါသည်။ ဤအခြေအနေက ကာလတိုတွင် Samsung Electronics Co., Ltd. နှင့် SK Hynix Inc.  တို့အပါအဝင် အခြားသော ကမ္ဘာ့နည်းပညာ Hardware ကုမ္ပဏီများအနေဖြင့် လာမည့်ရက်သတ္တပတ်မှစတင်၍ Semiconductors/ Memory Chips များ အရောင်းရပ်ဆိုင်းသွားရမည့် အခြေအနေဖြစ်ပြီး၊ ရေရှည်တွင်တော့ Samsung Electronics Co., Ltd. အတွက် ပိုမို အကျိုးရှိလာနိုင်ကြောင်း နည်းပညာအသိုက်အဝန်းက သုံးသပ်လျက်ရှိကြပါသည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် အလားအလာရှိသည့် သဘာဝဘေးအန္တရာယ် များကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အရေးပေါ်အရန်ဆန်ထားရှိရန် ယခုနှစ်အတွက် နှစ်စဉ် ဆန်ဝယ်ယူမှုကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်တွင် ယခုနှစ် နှစ်ကုန်ပိုင်း၌ အရန်ဆန်အဖြစ် ထားရှိနိုင်ရေး ဆန်တန်ချိန်(၃၄၀,၀၀၀)ခန့်နှင့် ပြည်ပအထောက်အပံ့များအတွက် ဆန်တန်ချိန်(၁၀,၀၀၀) ခန့်ကို ဝယ်ယူသွားမည်ဖြစ်ပြီး၊ ASEAN+3 Emergency Rice Reserve Project စီမံကိန်းအောက်မှ ဒေသတွင်းပံ့ပိုးမှုများကိုဆောင်ရွက်ပေးနိုင်ရန် ဆန်ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

COVID-19 ကပ်ဘေးသက်ရောက်မှုကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို ပြန်လည် တိုးတက် နိုင်စေရေးအတွက် ကိုရီးယားဝမ်(၇.၈)ထရီလီယံ(အမေရိကန် ဒေါ်လာ ၆.၅၇ ဘီလီယံ) ကို ၂၀၂၀ ပြည့်နှစ်အတွက် စတုတ္ထအကြိမ်မြောက် ဖြည့်စွက်ရန်ပုံငွေအဖြစ် ထပ်မံခွင့်ပြုချထားပေးရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတမွန်ဂျေအင်း က (၁၀-၉-၂၀၂၀) ရက်နေ့တွင် အိမ်ပြာတော်၌ ကျင်းပပြုလုပ်ခဲ့ သည့်(၈)ကြိမ်မြောက် အရေးပေါ်စီးပွားရေး ကောင်စီအစည်းအဝေး (8th Emergency Economic Council Meeting) ၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် Coronavirus အားတိုက်ဖျက်နိုင်ရေး ကာကွယ်ဆေးများ တီထွင်ရာတွင် သက်ဆိုင်ရာကုမ္ပဏီများအား လိုအပ်သည့်ထောက်ပံ့မှုများဆောင်ရွက်နိုင်ရေး ယခု ၂၀၂၀ ပြည့်နှစ် အတွင်း ကိုရီးယားဝမ် (၉၄)ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀.၃ သန်း)အထိ အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၅-၉-၂၀၂၀ ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

၁၆-၉-၂၀၂၀ ရက်နေ့တွင် ပထမအကြိမ် မြန်မာ-ကိုရီးယား ကုန်သွယ်ရေးနှင့် စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာပူးတွဲကော်မရှင်အစည်းအဝေးကို Virtual Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် ဦးစီးသော ကိုယ်စားလှယ်အဖွဲ့များ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကိုရီးယားနိုင်ငံဘက် မှ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Sung Yun-mo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုချောမွေ့စေရေး၊ ကုန်သွယ်ရေး၊ စက်မှု၊ စွမ်းအင် နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍများတွင် ယခင်ထက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြသဖြင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံလုံးအတွက် အလွန် အကျိုးဖြစ်ထွန်းစေပြီး၊ အောင်မြင်သည့် အစည်းအဝေးတစ်ခုလည်း ဖြစ်ခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံသည် COVID-19 ကြောင့် ထိခိုက်ရသည့် နိုင်ငံ၏စီးပွားရေးကို ပို့ကုန်ကဏ္ဍ တိုးမြှင့်တင်ပို့ခြင်း မှတစ်ဆင့် ပြန်လည်နာလန်ထူစေရန် ဆောင်ရွက်နိုင်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် အားလျော်စွာ ကမ္ဘောဒီးယားနိုင်ငံနှင့် ဆွေးနွေးဆဲဖြစ်သော လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာ FTA ဆွေးနွေးပွဲ၏ ဒုတိယအကြိမ် (Second Round) ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၏ ပထမပတ်အတွင်း Virtual Meeting ကို Online မှတစ်ဆင့်(၄)ရက်တာ ဆွေးနွေးခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန မှသိရှိရပါသည်။ 

အထွေထွေရေးရာအနေဖြင့် ASEAN-Korea Centre (AKC)နှင့် Maekyung Media Group နှင့်ပူးပေါင်း၍  ဒေသတွင်းရှိ ထူးချွန်ထက်မြက်သော စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များကို ရွေးချယ်ကာ ၂၀၁၆ ခုနှစ်မှစ၍ ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ၊ ၂၀၂၀ ပြည့်နှစ်အတွက် ဆောင်ရွက်သည့် 21st World Knowledge Forum ၏ ASEAN Entrepreneur Award တွင် မြန်မာနိုင်ငံ၊ KBZ Bank Ltd. ၏ Deputy CEO ဖြစ်သူ ဒေါ်နန်းခမ်းနောင့် မှ Empowering Women  ဆုကိုရရှိခဲ့ပါသည်။ ယင်းဆုပေးပွဲ အခမ်းအနားကို (၁၆-၉-၂၀၂၀) ရက်နေ့တွင် ဆိုးလ်မြို့၊ Shilla Hotel ၌ကျင်းပခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ ဂုဏ်ပြု တက်ရောက် ပေးခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများသာမက ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်စေရန်ရည်ရွယ်၍ GS Group Corpo-ration ၏ Business Innovation Division တွင် ဒုတိယဥက္ကဌနှင့် GS Group ပိုင်ရှင်မိသားစုဝင်တစ်ဦးဖြစ်သူ Mr. Cheol Hong Huh အား အင်ချွန်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် (၂၄-၇-၂၀၂၀) ရက်နေ့တွင် စတင်ခန့်အပ်ခဲ့ပြီး၊ ၎င်းအား မြန်မာနိုင်ငံအစိုးရမှ ခန့်အပ်လွှာနှင့် ကိုရီးယား နိုင်ငံအစိုးရမှ အသိအမှတ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ၂၈-၉-၂၀၂၀ ရက်နေ့တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ကျင်းပခဲ့ရာ၊ သံအမတ်ကြီး ဦးသန့်စင်မှ ခန့်အပ်လွှာပေးအပ်ခဲ့ပြီး၊ အမှာစကားနှင့်လမ်းညွှန် စကားများကို ပြောကြားခဲ့ပါသည်။

 

 Source: The Korea Times၊ The Korea Herald၊ Yonhap News

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News