International News

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် သန်း ၆၀ နီးပါး တရုတ်နိုင်ငံက ဝယ်ယူ တင်သွင်းခဲ့

Last Updated:

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၅၈.၃၉၃ သန်းအား တရုတ်နိုင်ငံကဝယ်ယူတင်သွင်းခဲ့ပြီး အဆိုပါတင်သွင်းမှု သည် ၂၀၂၀ ပြည့်နှစ်ကာလတူတွင် တင်သွင်းခဲ့သည့်ပမာဏအောက် ၄ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဆီထွက်သီးနှံဝယ်ယူသည့် ကမ္ဘာ့အကြီးမား ဆုံးဈေးကွက်ဖြစ်ကြောင်း ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဌာန (Secretariat of Foreign Trade - Secex) ၏ အချက်အလက်အများတွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့များအား စပိန်နိုင်ငံက ဒုတိယအများဆုံးဝယ်ယူတင်သွင်းလျက်ရှိပြီး ၂၀၂၁ ခုနှစ်လက်ရှိကာလအထိ ပဲပုတ်စေ့တန်ချိန် ၃.၅၈၄ သန်းအား ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ အဆိုပါတင်သွင်းမှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ နယ်သာလန်နိုင်ငံသည် ဘရာဇီးလ် ပဲပုတ်စေ့တန်ချိန် ၂.၈၁၇ သန်းအား ဝယ်ယူတင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူတင်သွင်းမှုအောက် ၁၃ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်း ကုန်သွယ်မှုဌာန၏ သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှုသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှဒီဇင်ဘာလ ၁၃ ရက်နေ့အထိကာလအတွင်း ပဲပုတ်စေ့တန်ချိန် ၈၃.၃၉၄ သန်းအား ပြည်ပနိုင်ငံများ သို့တင်ပို့ထားပြီး တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူတွင်  ပဲပုတ်စေ့တန်ချိန် ၈၂.၆၉၉ သန်းအား ဝယ်ယူ တင်သွင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွင်း ပဲပုတ်စေ့စိုက်ထုတ်လုပ်မှုသည် တန်ချိန် ၃၈၁.၇၈ သန်းနှင့် ပဲပုတ်စေ့လက်ကျန်ပမာဏ သည် တန်ချိန် ၁၀၂ သန်းအထိရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (U.S. Department of Agriculture - USDA) ၏ ခန့်မှန်းချက်ကို ဒီဇင်ဘာလတွင်ထုတ်ဝေ သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

စိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်တွင် အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၁၂၀.၄၃ သန်း၊ ဘရာဇီးလ်နိုင်ငံမှ တန်ချိန် ၁၄၄ သန်းနှင့် တတိယအများဆုံး စိုက်ပျိုးထုတ် လုပ်သည့် အာဂျင်တီးနားနိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၄၉.၅ သန်းတို့ အသီးသီးစိုက်ပျိုးထွက်ရှိနိုင်ကြောင်း၊ ပဲပုတ်စေ့တင်သွင်းမှုအနေဖြင့် ကမ္ဘာ့အများဆုံးတင်သွင်းသည့် တရုတ်နိုင်ငံသည် တန်ချိန် ၁၀၀ ဝန်းကျင်ခန့်အထိ ဆက်လက်တင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၀-၂၀၂၁ ခုနှစ်ကာလအတွင်း ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထွက်ရှိမှုသည် တန်ချိန် ၃၆၆.၂၃ သန်းနှင့် လက်ကျန်တန်ချိန် ၉၉.၈၁ သန်း ရှိနိုင်ကြောင်း၊ ၎င်းကာလအတွင်း ဘရာဇီးလ်နိုင်ငံမှ  ပဲပုတ်စေ့တန်ချိန် ၁၃၈ သန်းနှင့် အာဂျင်တီးနားနိုင်ငံတို့မှ ပဲပုတ်စေ့တန်ချိန် ၄၆.၂ သန်း ထုတ်လုပ်ခဲ့ပြီး၊ ကမ္ဘာ့ပဲပုတ်စေ့ဈေးကွက်မှ တရုတ်နိုင်ငံက တန်ချိန် ၉၉.၇၆ သန်းအား ဝယ်ယူတင်သွင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News