International News

(၁၀) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ဝန်ကြီးများအဆင့် ကြားဖြတ်အစည်းအဝေးနှင့်စပ်လျဉ်း၍ ပူးတွဲသတင်းထုတ်ပြန်

Last Updated:

(၁၀) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ဝန်ကြီးများအဆင့်ကြားဖြတ်အစည်းအဝေးကို ၂၃ - ၆ - ၂၀၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့မှ ဝန်ကြီးများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း ပူးတွဲသတင်းထုတ်ပြန်ထားပါသည်။

 ယင်းသတင်းထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါသည် တစ်ကမ္ဘာလုံးက လက်တွဲ၍ တုံ့ပြန်ဆောင်ရွက်ကြရန်လိုအပ်သော  ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ကုန် ထုတ်လုပ်မှုကွင်းဆက်များအပေါ် ယခင်ကမကြုံတွေ့ခဲ့ဖူးသည့် စိန်ခေါ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ ဤသို့သောနောက်ခံအခြေအနေတွင် ကိုဗစ် ၁၉ အလွန် ကာလ၌ ရေရှည်တည်တံ့သော၊ ဘက်ညီမျှတသော၊ အားလုံးပါဝင်နိုင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် ခိုင်မာစွာဖြင့် စီးပွာရေးပြန်လည်နာလန် ထူလာစေရေးအတွက် ပူးပေါင်း ညှိနှိုင်းမှုများကို တိုးမြှင့်ဆောင်ရွက်ကြရန် သဘောတူပါကြောင်း၊ ၄- ၁၁ - ၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃) ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေး၌ ဆွေးနွေးဖက်နိုင်ငံများ၏ ခေါင်းဆောင်ကြီးများက လမ်းညွှန်ထားခဲ့သည့် အတိုင်း ယခုနှစ်တွင် RCEP သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် မိမိတို့၏ ကတိကဝတ် များကို ပြန်လည်အတည်ပြုပါကြောင်း၊ ကိုဗစ် ၁၉ ဖြစ်ပွားနေဆဲကာလတွင် RCEP ၏ အရေးပါမှုသည် ဆက်လက်ကြီးထွားနေသည့်အတွက် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ပေါင်းစည်းမှုနှင့် နိုင်ငံတကာကုန်သွယ်ရေးစနစ်တို့အပေါ် ကျွန်ုပ်တို့၏ မဆုတ်မနစ်သော အားပေးထောက်ခံမှုများကို ဤသဘောတူစာချုပ်လက်မှတ်ရေး ထိုးခြင်းဖြင့် ထင်ရှားစွာပြသနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 ထို့ပြင် ၂၀၁၂ ခုနှစ်မှစတင်ခဲ့သော RCEP ညိှိနှိုင်းဆွေးနွေးမှုများတွင် အရေးကြီးသော ဆွေးနွေးဖက်အဖြစ် အိန္ဒိယနိုင်ငံက ပါဝင်ခဲ့ကြောင်း၊ RCEP တွင် အိန္ဒိယနိုင်ငံ၏ ပူးပေါင်းပါဝင်မှုသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးမည်ဖြစ်ကြောင်းကို မိမိတို့အနေဖြင့် ယုံကြည်ပါကြောင်းနှင့် RCEP တွင် အိန္ဒိယနိုင်ငံ ပါဝင် လာရေးအတွက် အမြဲတံခါးဖွင့်လှစ် ထားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။          

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade and Industry, Singapore

Category: International News