ဈေးကွက်ဈေးနှုန်း

စီးပွားရေးသံမှူးသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲကျင်းပခြင်း

Last Updated:

စီးပွားရေးသံမှူးသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲကျင်းပခြင်း

စီးပွားရေးသံမှူးသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲကိုစက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာသန်းမြင့်  တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် ဧပြီလကစတင်ပြီးစီးပွားရေးသံမှူးများရွေးချယ်စေလွှတ်ရေးနှင့် ပတ်သက်၍နိုင်ငံတော်အစိုးရမှ တာဝန်ပေးအပ်ထားကြောင်း၊ ၂၀၁၅ ခုနှစ်က လက်ရှိစေလွှတ် ထားသည့် စီးပွားရေးသံမှူးများနေရာတွင် စီးပွားရေးသံမှူးအသစ်များ ခန့်အပ်တာဝန်ပေးအပ်ရန် အတွက် သင်တန်းပေးပြီး ​ရွေးချယ်စေလွှတ်သွားမည်ဖြစ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရပါသည်။

စီးပွားရေးသံမှူးစေလွှတ်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးနိုင်ရန် ကမ္ဘာ့နိုင်ငံများနှင့်စီးပွားရေး၊ ကုန်သွယ်ရေးမြှင့်တင် ချိတ်ဆက်မှု ကောင်းကောင်းရရှိရန် ဖြစ်ပါကြောင်း၊ စီးပွားရေးသံမှူးများကို စီးပွားရေးအရအရေးပါသည့် နိုင်ငံ များသို့ စေလွှတ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

စီးပွားရေးသံမှူးများအနေဖြင့် အသိပညာဗဟုသုတများပြည့်ဝစေရန် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဥပဒေ၊ စည်းမျဉ်း၊လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်ရေးဆိုင်ရာအဖွဲ့အစည်းများ၏အတွေ့အကြုံများကိုပို့ချပေးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိနိုင်ငံခြားသံရုံးများမှ စီးပွားရေးသံမှူးများကိုလည်းဖိတ်ကြားပြီးပို့ချပေးရန်နှင့် ရန်ကုန်မြို့ရှိသီလဝါအထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်တို့သို့ သွားရောက်လေ့လာရန်လည်း စီစဉ်ထား ပါသည်။

အဆိုပါ စီးပွားရေးသံမှူးသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

သင်တန်းသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သင်တန်းသူသင်တန်းသား ၂၈ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကိုအောက်တိုဘာလ ၁၆ ရက်နေ့အထိ ပြုလုပ်သွား မည်ဖြစ်ပါသည်။