Local News

လေးပင်ဆီးသီးစျေးကောင်းလည်းရအရောင်းလည်းသွက်

Last Updated:

မကွေးတိုင်းဒေသကြီးသည် ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်၍ ဆီးပင်များ အများအပြား ပေါက်ရောက်ရာဒေသလည်းဖြစ်ပါသည်။ ဆီးချဉ်သီး၊ ဆီးချိုသီးဆိုပြီး အကြမ်းအားဖြင့် နှစ်မျိုးနှစ်စား ရှိပါသည်။ ဆီးချဉ်ပင်သည် အလေ့ကျပေါက်ရောက်လေ့ရှိပြီး ဆီးချိုပင်အား ခြံဖြင့်စိုက်ပျိုးကြ ပါသည်။ တစ်တိုင်းလုံးအနေဖြင့် စုစုပေါင်းဆီးပင်စိုက်ဧကမှာ (၁၂၁၉၈)ဧကခန့်ရှိပါသည်။ ဆီးချဉ်သီး၊ ဆီးကြက်ဥ၊ ဆီးပန်းသီး၊ စလေဆီးသီး၊ ဆီးကွဲသီး၊ လေးပင်ဆီးသီးဆိုပြီး အမျိုးအစားစုံလင်စွာ ရှိသည့်အနက် လေးပင်ဆီးသီးသည် အလွန်ချိုသည့်အတွက် နာမည်တစ်လုံးဖြင့် စျေးကောင်းရကာ အရောင်းလည်းသွက်နေပါသည်။

ယခုအချိန်သည် ဆီးသီးလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဆီးသီးအမျိုးအစားစုံလင်စွာ စျေးကွက်ထဲသို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေကာ ဆီးသီးစိုက်တောင်သူများ စျေးကောင်းရသည့်နှစ် လည်းဖြစ်ပါသည်။ လေးပင်ဆီးသီးသည် မန်းရွှေစက်တော်ဘုရားသို့သွားသော ကားလမ်းဘေးရှိ လေးပင်ကျေးရွာမှ စိုက်ပျိုးထွက်ရှိသည့် ဆီးသီးဖြစ်ပါသည်။ လေးပင်ဆီးသီးသည် အလုံးထွားကာ အလုံးပေါ်တွင် အပွေးများဖြင့် စားသည့်အခါ လေးလေးရရရှိပြီး ချိုမြိန်သည့်အရသာကို ပေးစွမ်း သည့်အပြင် လေးပင်ဆီးသီးစားသည့်အခါ ရင်မပြည့်သည့်အတွက် လူကြိုက်များကာ အခြားဆီးသီး စျေးများထက် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

လေးပင်ဆီးသီးပေါ်စတွင် တစ်ပြီလျှင်(၆၅၀၀)ကျပ်စျေးအထိရရှိပြီး ယခုလှိုင်လှိုင်ပေါ်ချိန် စျေးကွက်ထဲသို့ များစွာဝင်ရောက်လာချိန်တွင် တစ်ပြီလျှင်(၃၀၀၀/၃၅၀၀)ကျပ်ဖြင့် အရွယ်အစား လိုက်၍ စျေးကွက်ထဲတွင် အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News