International News

မြန်မာ-လာအို ချစ်ကြည်ရေးတံတားနှင့်ချိတ်ဆက်မည့် Thanaleng Dry Port

Last Updated:

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်  Pacific Trust Link Holding Company Limited Executive Board of Strategy and Planning မှ ဥက္ကဋ္ဌ ဖြစ်သူ H.E Mr. Alounkeo Kittikhoun ၏ ဖိတ်ကြားအချက်အရ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Thanaleng Dry Port သို့ သွားရောက်လေ့လာခဲ့ပါသည်။

အဆိုပါလေ့လာမှုအရ Thanaleng Dry Port သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ မဲခေါင်မြစ်အပေါ် ဖြတ်သန်း တည်ဆောက်ထားသည့် လာအို-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) မှ ၁ ကီလိုမိတာအကွာ တွင်တည်ရှိကြောင်း၊ အဆိုပါကုန်းတွင်းဆိပ်ကမ်းကို လာအိုနိုင်ငံ သားပိုင် Pacific Trust Link Holding Company Limited နှင့် ၎င်း၏ကုမ္ပဏီအခွဲဖြစ်သည့် City Logistic Company တို့က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်ထားကြောင်း သိရှိရပါသည်။

အဆိုပါကုန်းတွင်းဆိပ်ကမ်းစီမံကိန်း၏ ရှေ့ပြေးဖြစ်နိုင်ခြေလေ့လာမှုများကို ဂျပန်နိုင်ငံရှိ JICA အဖွဲ့မှ ၂၀၁၇ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် နယ်သာလန်နိုင်ငံမှ Royal Hoskoning ကုမ္ပဏီနှင့် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် လာအိုအစိုးရက ခွင့်ပြုခဲ့ရာ ကုန်းတွင်းဆိပ်ကမ်း၏ အခြေခံအဆောက် အဦ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင်  စတင်ခဲ့ကာ နိုဝင်ဘာလခန့်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

လာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံ (Land Lock) အဖြစ်မှ ကုန်းမြေချင်း ဆက်သွယ် ပေးသည့်နိုင်ငံ (Land Link) တစ်နိုင်ငံအဖြစ်သို့ရောက်ရှိရန်  ရည်ရွယ်ချက်ဖြစ်သည့် National Logistic Strategy 2016-2030 ၏ အစိတ်အပိုင်းအဖြစ် ကုန်းတွင်းဆိပ်ကမ်းကို တည်ဆောက်ခဲ့ ခြင်းဖြစ်ပါသည်။ အဆိုပါကုန်းတွင်းဆိပ်ကမ်းနှင့်တစ်ဆက်တည်း  Export Processing Zone၊ Free Trade Zone၊ Oil Tank Zone၊ Small and Medium Enterprises နှင့် Distribution Zone တို့ပါဝင်သည့် Integrate Logistic Park ကိုလည်း ဆက်လက်တည်ဆောက်လျက်ရှိပြီး ၂၀၂၆ ခုနှစ်တွင် အပြီးသတ်တည်ဆောက်နိုင်ရန် မျှော်လင့်ထားကြောင်း၊ အဆိုပါ Logistic Park ကို တည်ဆောက်ပြီးပါက Oil Tank Zone ၌ လာအိုနိုင်ငံအတွက် ပြည်တွင်း လောင်စာဆီသုံးစွဲမှု မပြတ်လပ်စေရေးအတွက် ၆ လ ခန့် အရန်ဆီ သိုလှောင်ထားနိုင်မည်ဖြစ်သည်။

အဆိုပါ Dry Port အား လက်ရှိအချိန်တွင် လာအို-ထိုင်း ရထားလမ်းနှင့် လာအို-တရုတ် ရထားလမ်းတို့နှင့် ချိတ်ဆက်ထားရှိပြီး အာဆီယံဒေသထွက်ကုန်များကို တရုတ်နိုင်ငံနှင့် တရုတ်-ဥရောပ ရထားလမ်းနှင့် ချိတ်ဆက်၍ ဥရောပနိုင်ငံများအထိ ချိတ်ဆက်တင်ပို့လျက်ရှိ ကြောင်း၊ အနာဂတ်တွင် လာအို-ဗီယက်နမ်ရထားလမ်းစီမံကိန်းနှင့် ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ်ရှိ Bang Ang Seaport တို့နှင့် ပစိဖိတ်ဒေသရှိ ဆိပ်ကမ်းနိုင်ငံများသို့ ကုန်ကျစရိတ် သက်သာသည့် နှုန်းထားများဖြင့် ချိတ်ဆက်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Thanaleng Dry Port သည် ၂၀၂၂ ခုနှစ်အတွင်း၌ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် ရုရှားနိုင်ငံသို့ ကွန်တိန်နာအလုံးရေ ၄၉,၁၈၃ လုံး သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း၊ ၎င်းသည် လာအိုနိုင်ငံ၏ Dry Port (၉) ခုအနက် အဓိက အကျဆုံးနှင့် နိုင်ငံတကာအသိအမှတ်ပြု ကုန်းတွင်းဆိပ်ကမ်းတစ်ခုဖြစ်ပြီး လာအို-တရုတ် ရထားလမ်းနှင့် လာအို-ထိုင်းရထားလမ်းတို့နှင့် ချိတ်ဆက်ထားသဖြင့် အာဆီယံ-တရုတ်-ဥရောပ-ဗဟို အာရှနိုင်ငံများအကြား ချိတ်ဆက်ပေးသည့် ကုန်စည်ပို့ဆောင်ရေးကွန်ယက် တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

အနာဂတ်တွင် လာအို-မြန်မာချစ်ကြည်‌ရေးတံတားကို ဖြတ်သန်း၍ အဆိုပါ Thanaleng Dry Port ကို အသုံးပြုလျက် မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ကုန်စည်ပို့ဆောင်ရေးနှင့်တစ်ဆင့် ခံ ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် နှစ်ဖက်အကျိုးတူ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းရှိ သဖြင့် မြန်မာနိုင်ငံသို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် ကုန်းတွင်းဆိပ်ကမ်း များနှင့် Integrated Logistic Hub  စီမံကိန်းများ ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် အဆိုပါကွန်ယက်ကို ချိတ်ဆက်ကာ စီးပွားရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုအဖြစ် ထည်သွင်းစဉ်းစားနိုင်ပါကြောင်း မြန်မာသံအမတ်ကြီးမှ အကြံပြုခဲ့သည်ကို သိရှိရပါသည်။

       ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: International News