International News

A 12 Sortexed အမျိုးအစား မြန်မာဆန်ကွဲအား ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ပင်လယ်ရေကြောင်းမှတင်သွင်းနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့ နေ့လည် ၁၅:၀၀အချိန်၌ မြန်မာနိုင်ငံမှ A 12 Sortexed အမျိုးအစား ဆန်ကွဲအား ဝယ်ယူတင်သွင်းလိုသည့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုမ္ပဏီနှင့်  မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းခွင့်ရရှိထားသော ကုမ္ပဏီတို့အကြား  အရောင်းအဝယ်ပြုလုပ်သည့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ပါသည်။

ထိုကဲ့သို့လက်မှတ်ရေးထိုးနိုင်ရေးအတွက်  နန်နင်းမြို့အခြေစိုက် မြန်မာစီးပွားရေး သံမှူးနှင့် မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ ဝန်ထမ်းများက မြန်မာ-တရုတ် လုပ်ငန်း နှစ်ဉီးနှစ်ဘက် စိတ်ချယုံကြည်စွာလက်မှတ်ရေးထိုးနိုင်ရေးအတွက် ပေါင်းကူးချိတ်ဆက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးသည့်အခမ်း အနားသို့ China Council for the Promotion of International Trade (CCPIT) Nanning Branchမှ  President ဖြစ်သူ Ms. Tang Li လည်းတက်ရောက်ခဲ့ကာ မြန်မာ-တရုတ် ပုဂ္ဂလိကကဏ္ဍအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို အားပေးချီးမြှင့်ခဲ့ပါသည်။

ယခုစာချုပ်ချုပ်ဆိုမှုသည် တရုတ်နိုင်ငံတောင်ပိုင်းရှိဈေးကွက်များသို့ မြန်မာနိုင်ငံ၏ အဓိကကုန်ပစ္စည်းများကို ပင်လယ်ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေရေးအတွက် နန်နင်းမြို့အခြေစိုက် စီးပွားရေးသံမှူး၏ အားထုတ်ကြိုးပမ်းမှုများအနက် တစ်ခုဖြစ်ပါသည်။ နောင်လာမည့်လ များတွင်လည်း မြန်မာနိုင်ငံမှ တစ်ဝက် တစ်ပျက်ပြုပြင်ထုတ်လုပ်ထားသည့် သရက်သီးများကို အအေးခန်းကုန်သေတ္တာများဖြင့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ပင်လယ်ရေကြောင်းမှတင်သွင်းရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စားသောက်ကုန်ပြုပြင်ထုတ်လုပ်ရေး ကွင်းဆက်များ ကောင်းစွာချိတ်ဆက်လည်ပတ်နိုင်စေရန်အတွက်လည်းကောင်း အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News