International News

COVID- 19 စမ်းသပ်စစ်ဆေးနိုင်စွမ်း နှစ်ဆတိုးတက်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ ယူရို သန်း ၅၀ သုံးစွဲမည်

Last Updated:

လာမည့် တုပ်ကွေးရာသီကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ စမ်းသပ်စစ်ဆေးနိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံသည် ယူရို သန်း(၅၀) ကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဖက်ဒရယ်ဝန်ကြီး Philippe De Backer က ကြေညာခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံ အနေဖြင့် လာမည့် ဆောင်းဦးရာသီကာလတွင် ရောဂါစမ်းသပ်စစ်ဆေးမှုများ အများအပြားဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စမ်းသပ်စစ်ဆေးခြင်း အစီအစဉ် (nationwide testing platform) ကို ချမှတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ platform အရ ဘယ်လ်ဂျီယံနိုင်ငံတစ်ဝန်းရှိ ဆေးပညာဆိုင်ရာဓါတ်ခွဲခန်းများ၏ ရောဂါစမ်းသပ်စစ်ဆေးနိုင်စွမ်းကို နေ့စဉ်စစ်ဆေးမှု ၁၅၀၀၀ မှ ၂၀၀၀၀ အကြားအရေအတွက်မှ ၄၀၀၀၀ မှ ၅၅၀၀၀ အကြားသို့ တဖြည်းဖြည်းချင်း မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၏  ရောဂါစမ်းသပ်စစ်ဆေးမှုဆိုင်ရာ national platform သည် နေ့စဉ်ရောဂါစမ်းသပ်စစ်ဆေးမှု အရေအတွက် ၄၀၀၀၀ ဝန်းကျင်ကို မတူညီသည့် နေရာ (၇) ခုတွင် တက္ကသိုလ် ဆေးရုံဓါတ်ခွဲခန်းများ၏လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်သွားမည်ဟု Philippe De Backer က ပြောကြားခဲ့ကြောင်း သိရသည်။ လာမည့်ဆောင်းဦးရာသီကာလတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာပါက အများပြည်သူ ကျန်းမာရေးစနစ်အပေါ်ထပ်မံ၍ဝန်ပိနိုင်သည့်အခြေအနေမှ ရှောင်လွှဲနိုင်ရေးအတွက် ရောဂါစစ်ဆေးနိုင်စွမ်းကိုတိုးမြှင့်ရန် ဖက်ဒရယ်ကျန်းမာရေး အဖွဲ့အစည်း Sciensano ကတောင်းဆိုခဲ့ပြီးနောက် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ်  -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News