International News

COVID-19 ကမ္ဘာ့ကပ်ရောဂါ ရိုက်ခတ်မှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်ကာလအတွင်းတွင် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဆိုးရွားစွာကျဆင်းခဲ့သည့်အခြေအနေ

Last Updated:

COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဂယက်ကြောင့် ကုန်သွယ်ရေးကဏ္ဍ အထူးသဖြင့် ပို့ကုန်တင်ပို့နိုင်မှုကို ထိခိုက်သည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလ ပတ်ကာလအတွင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးသည် (- ၃.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ယင်းသည် ၁၉၉၈ ခုနှစ်၊ စီးပွားရေး အကျပ်အတည်းဖြစ်ပွားခဲ့ပြီးသည့် ကာလနောက်ပိုင်းတွင် အဆိုးရွားဆုံးသောကျဆင်းမှုတစ်ရပ်ဖြစ်ကြောင်း (၂၃-၇-၂၀၂၀) ရက်နေ့တွင် ဗဟိုဘဏ် The Bank of Korea (BOK) ၏ ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်ကိုအဓိကအားပြုလျက်ရှိပြီး၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ မှ ဇွန်လ အတွင်းတွင် ပြည်တွင်း စားသုံးမှုတန်ဖိုး အနည်းငယ်ပြန်တက်ခဲ့သော်လည်း ယင်းက ကျဆင်းနေသည့် ပို့ကုန်တန်ဖိုးကို မကာမိခဲ့ကြောင်း၊ အကြမ်းဖျင်းအားဖြင့် နိုင်ငံ GDP ၏ တစ်ဝက်ခန့်သည် ပို့ကုန်ပေါ်တွင် မူတည်လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်းတွင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်သည် (၁၆.၆) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ၊ ယင်းသည် ၁၉၇၀ ခုနှစ်နောက်ပိုင်းတွင် အများဆုံး ကျဆင်းခဲ့မှုကိန်းဂဏန်းတစ်ရပ်ဖြစ်ကြောင်း၊ ပို့ကုန်တင်ပို့နိုင်မှုအနေဖြင့် မော်တော်ယာဉ်နှင့်လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်မှုကဏ္ဍ လျော့ကျခဲ့ပြီး ရောင်းအားလည်းကျဆင်းခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှ အဓိကတင်ပို့နေသော ကုန်သွယ်ဖက်နိုင်ငံများ၏ COVID-19 ဆိုင်ရာ ပြည်ဝင်ခွင့်ကန့်သတ်မှုအခြေ အနေများက ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးပိုင်းကို အခက်အခဲဖြစ်စေပြီး၊ မော်တော်ယာဉ်နှင့် Smart Phones တို့၏ ပြည်ပဝယ်လိုအားကို သိသာစွာ လျော့ကျ စေကြောင်း၊ သို့ဖြစ်၍ ယင်းသည် တောင်ကိုရီးယား၏ ပို့ကုန်ကဏ္ဍကို ထိခိုက်စေသည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း ဗဟိုဘဏ် (BOK) မှ စီးပွားရေးစာရင်း အင်းဗျူရို၏ အကြီးအကဲ Mr. Park Yang-soo က ပြောကြားခဲ့ပါသည်။

စီးပွားရေးသီအိုရီအရ သုံးလပတ်ကာလ(၂)ခုဆက်တိုက် GDP တိုးတက်မှုနှုန်း ကျဆင်းခဲ့လျှင် နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်အတွက် အကျဘက်သို့သာ ဆက်လက် ဦးတည်နေမည် ဖြစ်သည့်အတွက် စိုးရိမ်မှုများရှိနေကြောင်း၊ သို့ရာတွင် ဗဟိုဘဏ်နှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် ကျန်ရှိ နှစ်ဝက် ကာလအတွင်းတွင် နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ရန် မျှော်လင့်ထားပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ခဲ့ပြီးသည့်နောက် တွင် စီးပွားရေးလျှင်မြန်စွာ နာလန်ထူတိုးတက်လာခဲ့ကြောင်း၊ တောင်ကိုရီးယား အနေဖြင့်လည်းအလားတူ တိုးတက်လာနိုင်ရန် မျှော်လင့်ကြောင်းသိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီး Mr. Hong Nam-ki အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ မှ ဇွန်လအတွင်း စီးပွားရေးကျဆင်းခဲ့ပြီးသည့်နောက် တတိယ သုံးလပတ်တွင် ပြန်လည်တိုးတက်ရန် မျှော်လင့်ထားပြီး၊ လက်ရှိ COVID-19 ကူးစက်ပျံ့နှံ့မှုအခြေအနေသည် ပိုမို လျော့နည်းလာပါက ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယား၏ စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်မည်ဟုသုံးသပ်ကြောင်းသိရှိရပါသည်။ သို့ရာတွင် ပြည်တွင်းစီးပွားရေးပညာရှင်များကမူ COVID-19 ကြောင့်သာမက အခြားသောမရေရာမသေချာသည့် External Factors များလည်းရှိနေသေးကြောင်း၊ စာရင်းအင်းအချက်အလက်များပေါ်တွင် သုံးသပ်၍ သာနှစ်ကုန်ပိုင်းတွင် စီးပွားရေးပြန်လည်တိုးတက်ရန် မျှော်လင့်သော်လည်း အမှန်တကယ်တိုးတက်လာနိုင်ခြင်း ရှိ/ မရှိကိုမူ စောင့်ကြည့်မည်ဖြစ်ကြောင်း Yonsei University ၏ စီးပွားရေးပညာရှင် Mr. Sung Tae-yoon က သုံးသပ်ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းစားသုံးမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ တတိယသုံးလပတ်ကာလအတွင်း တည်ငြိမ်သည့်အနေအထားသို့ ပြန်လည်ရောက်ရှိလာနိုင်ရန် မျှော်လင့်ထားသော်လည်း မမျှော်မှန်းနိုင်သည့် ပြင်ပအကြောင်းအရာများနှင့် မသေချာမရေရာသည့် အခြေအနေများက ချက်ချင်းပြန်လည်တိုးတက်ကောင်းမွန်လာရန်မူ မဖြစ်နိုင်သေးကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်များက သုံးသပ်လျက်ရှိကြကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: The Korea Times

 

Category: International News