International News

COVID-19 ဆိုင်ရာ စီးပွားရေးရာကုစားမှုအစီအမံများအတွက် နိုင်ငံ၏ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးများအား ခေါ်ယူတွေ့ဆုံခဲ့မှုနှင့် အရေးပေါ်စီးပွားရေးကုစားမှု ရန်ပုံငွေ (၄၀) ထရီလီယံဝမ် ထပ်မံခွင့်ပြုခဲ့မှုခြင်း

Last Updated:

COVID-19 ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ အစိုးရမှဆောင်ရွက်ပေးလျက်ရှိသည့် မူဝါဒရေးရာ ကိစ္စရပ်များအား စီးပွားရေးလုပ်ငန်းစုကြီးများမှတာဝန်ရှိသူများ သိရှိစေရေးမျှဝေရန်၊ စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများကိုအစိုးရမှသိရှိရန်ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ အိမ်ပြာတော်(Cheong Wa Dae)မှ သမ္မတ၏အကြီးတန်းအတွင်းရေးမှူး မူဝါဒရေးရာကိုင်တွယ်သူ Kim Sang-jo သည် ၂၂-၄-၂၀၂၀ ရက်နေ့(ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နိုင်ငံ၏ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီး(၅)ခု၏ အကြီးတန်းအမှုဆောင်အရာရှိများနှင့် အလုပ်သဘော နံနက်စာအစည်းအဝေးအား ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်၌ ပြုလုပ်ခဲ့ ကြပါသည်။  

အဆိုပါအစည်းအဝေးသို့ နိုင်ငံ၏ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီး(၅)ခုဖြစ်သည့် Samsung Electronics ဥက္ကဌ Lee In-yong၊ Hyundai Motor ဥက္ကဌ Kong Young-woo၊ Sk Holdings အမှုဆောင်အရာရှိချုပ် Jang Dong-hyun၊ LG Group ၏ ဒုတိယဥက္ကဌ Kwon Young-soo၊ Lotte Group ဒုတိယဥက္ကဌ Hwan Kag-gyu တို့ တက်ရောက်ခဲ့ကြပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းထန်စွာထိခိုက်နေသောကဏ္ဍများအတွက် အစိုးရနှင့် သမ္မတရုံးတို့မှ မည်ကဲ့သို့ ကူညီသွားနိုင်မည်ကို ဆွေးနွေးခဲ့ကြရာ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုထိရောက်သော အစီအစဉ်များဖြင့် ကူညီပံ့ပိုးပေးရန် စီးပွားရေးလုပ်ငန်းရှင်များဘက်မှ အစိုးရအဖွဲ့သို့တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

အစည်းအဝေးတက်ရောက်သူများက အစိုးရမှ Corporate bonds များဝယ်ယူပေးခြင်း၊ Corporate Tax များလျှော့ချပေးခြင်းဖြင့် သွယ်ဝိုက်သော ဖြေလျော့မှုများ ဆောင်ရွက်ပေးခြင်း၊ ငွေပေါ်လွယ်စေမည့်စီမံခန့်ခွဲမှုများအပါအဝင် အခြားသော ဘဏ္ဍာရေးဆိုင်ရာသက်သာခွင့်များကို တိုးပေးခြင်းစသဖြင့်ကဏ္ဍအားလုံးသို့ ပြည့်စုံ ကောင်းမွန်သောအထောက်အပံ့များကို စီစဉ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။ အထူးသဖြင့် နိုင်ငံ့စီးပွားရေး၏ ကျောရိုးသဖွယ်ဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍအတွက် အရေးပါသော လေကြောင်းပို့ဆောင်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ သံမဏိ(Steel)၊ ပြန်လည် သန့်စင်ခြင်းလုပ်ငန်းများ၊ ရေနံဓာတုနှင့် အခြားသောစက်မှုလုပ်ငန်းများအတွက် လုံလောက်သည့် ငွေပေါ်လွယ်မှု (Sufficient Liquidity) ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များကို အစိုးရမှဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုခဲ့ပါသည်။

ဘဏ္ဍာရေးဆိုင်ရာဖြေလျှော့မှုများနှင့်ပတ်သက်၍ စီးပွားရေးကိစ္စဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားလာမှုအပေါ်ကန့်သတ်ချက်များကို ဖြစ်နိုင်သမျှဖြေလျော့ပေးရန်၊ ကုမ္ပဏီများအနေဖြင့် တောင်ကိုရီးယား ကုန်သည်ကြီးများနှင့် စက်မှုအသင်းချုပ် (Korea Chamber of Commerce & Industry)နှင့် သက်ဆိုင်ရာစက်မှုလုပ်ငန်း ကဏ္ဍအလိုက် အသင်းအဖွဲ့များမှတစ်ဆင့်၎င်းတို့၏ ဝန်ထမ်းများအားပိုမိုထိရောက်စွာကွပ်ကဲနိုင်ရေးအတွက် အလုပ်သမားဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လျှော့ချပေးရန် အစိုးရထံသို့ တောင်းဆိုခဲ့ကြပါသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါဆိုးအား ကျော်လွှားနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်သည့်အလျောက် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား လေကြောင်း၊ ရေကြောင်းဆိုင်ရာသယ်ယူပို့ဆောင်ရေးစနစ်များကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိစေရန် ကူညီပေးစေလိုပါကြောင်း၊ သို့မှသာ မိမိတို့၏ တရုတ်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများသည် လုပ်ငန်းများပြန်လည် လည်ပတ်ရေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြခဲ့ကြပါသည်။

Samsung Electronics ၏ ထုတ်ဖော်ပြောကြားချက်အရ တရုတ်နိုင်ငံ၊ Xi’an ဒေသရှိ Semicon−ductor စက်ရုံတွင်လုပ်ငန်းတိုးချဲ့ရေးဆောင်ရွက်နိုင်ရန် Semiconductor အင်ဂျင်နီယာ (၂၀၀)ခန့်အား တရုတ်နိုင်ငံသို့စေလွှတ်ခဲ့ရာ၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံခြားသားအားလုံး နီးပါးကိုဝင်ရောက်ခွင့်ပိတ်ပင်ထား သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်း နိုင်မှုအရ Samsung Electronics ၏ဝန်ထမ်းများကို ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

အစည်းအဝေးတွင် သမ္မတ၏အကြီးတန်းအတွင်းရေးမှူး မူဝါဒရေးရာကိုင်တွယ်သူ Kim Sang-jo က COVID-19 ဆိုင်ရာ စီးပွားရေးရာကုစားမှုအစီအမံများတွင် အစိုးရ၏ လတ်တလော ထပ်မံခွင့်ပြုလိုက်သည့် အဓိကစက်မှုလုပ်ငန်းကဏ္ဍများကိုပံ့ပိုးရန်နှင့် အလုပ်လက်မဲ့ မဖြစ်စေရေး မူဝါဒအပေါ်ပံ့ပိုးကူညီရန် ရန်ပုံငွေ ကိုရီးယားဝမ် (၄၀) ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၂.၄ ဘီလီယံ) တန်ဖိုးရှိ အစီအစဉ်အကြောင်းကို အလေးပေးဆွေးနွေးခဲ့ပြီး၊ COVID-19 ကြောင့် တွေ့ကြုံရသည့် စီးပွားရေးအကျပ်အတည်းအား ရင်ဆိုင်ဖြေရှင်းကျော်လွှားရာတွင် နိုင်ငံ၏ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါမှု အခြေ အနေနှင့် အစိုးရမှခွင့်ပြုပေးသော အရင်းအမြစ်များကိုအသုံးပြု၍ ဝန်ထမ်းများ၏အလုပ်အကိုင်အခွင့်အလမ်းများကို ထိန်းသိမ်းပေးရန်ကိစ္စတို့အား အဓိကထား၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ယင်းအစည်းအဝေးကျင်းပပြီးသည့်နောက် နာရီအနည်းငယ်အကြာတွင် သမ္မတဦးစီးသည့် အရေးပေါ်စီးပွားရေးရာကောင်စီ (Emergency Economic Committee-EEC)အစည်းအဝေးကို ကျင်းပခဲ့ပြီး၊ သမ္မတမှ COVID-19 ဆိုင်ရာ စီးပွားရေးရာကုစားမှုအစီအစဉ်များအတွက် ကိုရီးယားဝမ် (၄၀) ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၄ ဘီလီယံ)ထပ်မံခွင့်ပြုကြောင်းကို ကြေညာခဲ့ပါသည်။ အဆိုပါရန်ပုံငွေတွင် COVID-19 ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်ရခြင်းကိုကာကွယ်ရန် အစီအစဉ်အတွက် ခွင့်ပြုရန်ပုံငွေ (၁၀) ထရီလီယံဝမ် ပါဝင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News