International News

Incitec Pivot Ltd. က Gibson Island စက်ရုံကို ပိတ်သိမ်းရန် စီစဉ်နေသောကြောင့် ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်နေခြင်း

Last Updated:

သြစတြေးလျ၏ အကြီးဆုံး ဓာတ်မြေသြဇာစက်ရုံများအနက် တစ်ခုဖြစ်သည့် Gibson Island စက်ရုံကို Incitec Pivot Ltd. က ကမ္ဘာ့ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်နေသည့်ကြားက ပိတ်သိမ်းရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ သဘာဝဓာတ်ငွေ့ကဲ့သို့ အဓိကကုန်ကြမ်းပစ္စည်းများ၏ ကုန်ကျစရိတ်မြင့်တက်လာခြင်း သည် ဘရစ်ဘိန်းမြို့ရှိ Incitec Pivot Ltd. Gibson Island စက်ရုံအတွက် အကြပ်အတည်းများကို ဖြစ်ပေါ်စေပါသည်။

ကုမ္ပဏီအနေဖြင့် များစွာကြိုးပမ်းခဲ့သော်လည်း၊ စီးပွားရေးအရ အလားအလာရှိသော ရေရှည်ဓာတ်ငွေ့ထောက်ပံ့မှုကို ရယူနိုင်ခြင်းမရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြား ထားပါသည်။ နှစ် ၅၀ ကျော်ကြာ လည်ပတ်ပြီးနောက် Gibson Island ထုတ်လုပ်ရေးစက်ရုံကို ပိတ်သိမ်းရန် ဆုံးဖြတ်ချက်သည် ဝန်ထမ်း ၁၇၀ အထိ သက်ရောက်မှုရှိ မည်ဟု မျှော်လင့်ရသည်။ ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်ကုန်တွင် သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟု ပြောကြားခဲ့သော် လည်းအစိမ်းရောင်အမိုးနီးယားဖြင့် ထုတ်လုပ်နိုင်မည့်အလားအလာကို ရှာဖွေနေပါသည်။ အဆိုပါ စက်ရုံသည် ဆယ်စုနှစ်များစွာကြာအောင် သဘာဝဓာတ်ငွေ့မှ ဓာတ်မြေဩဇာထုတ်ကုန်များကို ပြောင်းလဲ ထုတ်လုပ်လျက်ရှိပြီး၊ နှစ်စဉ်အမိုးနီးယားတန်ချိန်  ၃၀၀,၀၀၀၊ ယူရီးယားတန်ချိန် ၂၈၀,၀၀၀ နှင့် အမိုးနီးယားတန်ချိန် ၂၀၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရှိရပါ သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံတွင်း ဖော့စပိတ်ထုတ်လုပ်မှုနှင့် တင်ပို့မှုကို ကန့်သတ်လိုက်ခြင်းနှင့် မကြာသေးမီက ရုရှားနိုင်ငံက ဓာတ်မြေဩဇာအမျိုးမျိုးတင်ပို့မှုအတွက် ခြောက်လ ခွဲတမ်းစည်းကြပ်ရန် စီစဉ်မှုတို့က သြစတြေးလျလယ်သမားများအတွက် ပိုမိုဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိ စေပါသည်။  ဩစတြေးလျ ဂျုံစိုက်တောင်သူများသည် ဂျုံ ၂.၈ တန်ထုတ်လုပ်ရှိရန်အတွက် ဒီယမ်မိုနီယမ် ဖော့စဖိတ် (Diammonium Phosphate -DAP) တစ်တန်ကို ဝယ်ယူရန် လိုအပ်ပါသည်။ လာမည့်နှစ်တွင် လယ်သမားတစ်ဦးအတွက် အကြီးမားဆုံးအန္တရာယ်မှာ စိုက်ပျိုးရေးသွင်းအားစုကို ဈေးကြီးပေးဝယ်၍  စိုက်ပျိုးရရှိသည့် ကောက်ပဲသီးနှံအတွက် မြင့်မားသောဈေးနှုန်းပြန်လည်ရရှိမှု မသေချာခြင်းဖြစ်ပါသည်။

ဓာတ်မြေဩဇာထုတ်လုပ်မှုလုပ်ငန်းတွင် ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာတစ်ခုမှာ အမိုးနီးယားထုတ်လုပ်မှုအတွက် အဓိကသွင်းအားစုဖြစ်သည့် သဘာဝ ဓာတ်ငွေ့ကုန်ကျစရိတ် ဖြစ်သည်။ လောင်စာဆီ၀ယ်လိုအား တဟုန်ထိုးမြင့်တက်လာမှုကြောင့် မကြာသေးမီ သီတင်းပတ်များအတွင်း သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်မားလာခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

 

 

Category: International News