Local News

ကျောက်ဆည်ခရိုင်ထွက် နနွင်းများဈေးကောင်းရနေ

Last Updated:

မန္တလေးတိုင်းဒေသကြီးတွင် နနွင်းကို ကျောက်ဆည်ခရိုင်အတွင်း အများအပြား စိုက်ပျိုးသည့် အနက်မှ မြစ်သားနယ်တွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပါသည်။ ယခင်နှစ် ဇွန်၊ ဇူလိုင် များတွင် စိုက်ပျိုးခဲ့သည့် နနွင်း များကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်း စတင်တူးဖော် ခဲ့ပြီးဖေဖော်ဝါရီလတွင်လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ကြောင်းသိရသည်။

နနွင်းတစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်အားခ စုစုပေါင်း ၂၅ သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ မြေဆီနှင့် မြေဩဇာထည့်သွင်းမှုပေါ်တွင်မူတည်ပြီး အထွက်နှုန်း ကွာခြားကြောင်း၊ နနွင်းတက်အစို လှည်းအစီး ၁၀ စီး မှ ၁၃စီး ခန့်ထိ ထွက်ရှိပြီး၊ တစ်စီး လျှင် ၂၅ တင်း ဝင်ဆံ့သောကြောင့်၊တစ်ဧကလျှင် တင်း ၂၅၀ မှ ၃၂၅တင်း ရရှိကြောင်း၊ လတ်တလောတွင် စိုက်ခင်းဈေး နနွင်းအစို တစ်တင်းလျှင်  ၂၄၀၀၀ကျပ် ခန့် ဖြင့်ရောင်းချနေရကြောင်း မြစ်သားမြို့နယ်၊ မင်းစုရွာ နနွင်းစိုက်တောင်သူများထံမှ သိရသည်။

ရောင်းဝယ်မှုအနေဖြင့် ပွဲစားများက စိုက်ခင်းအရောက်လာရောက်ဝယ်ယူပြီး၊ မန္တလေးနှင့် ရန်ကုန်ပွဲရုံများသို့ တင်ပို့မှုရှိကြောင်း၊ အချို့စိုက်ခင်းရှင်များကိုယ်တိုင် မြစ်သား၊ ကူမဲ၊ ကျောက်ဆည် နှင့် မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။

နနွင်း မှာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရှိခြင်း၊ အခြားသီးနှံထက် ဈေးကောင်းရခြင်း၊ အကျိုးအမြတ် သေချာခြင်း စတဲ့ အကျိုးကျေးဇူးများကြောင့် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံ တစ်မျိုးဖြစ်ကြောင်း ကျောက်ဆည်ခရိုင် နနွင်းစိုက်တောင်သူများက ပြောသည်။

Category: Local News