Local News

မြေပဲဆံဈေးအတက်ဘက်မှာရှိနေ

Last Updated:

ပြည်တွင်းပဲမျိုးစုံဈေးကွက်တွင် မြေပဲဆံဈေးနှုန်းများ တက်လာပြီး နှမ်းဖြူနှင့် နှမ်းနက်စမုန် ဈေးနှုန်းများ ကျဆင်းလာသည့် အခြေအနေရှိကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။ လက်ရှိတွင် မြေပဲဆံမှာ မန္တလေးကုန်စည်ဒိုင်သို့ ဝင်ရောက်မှု နည်းလိုက်များလိုက်ဖြစ်နေသောကြောင့် ဈေးနှုန်းမြင့်တက်သည့် အခြေအနေရှိနေပြီး နှမ်းဖြူနှင့် နှမ်းနက်စမုန်မှာမူ အရောင်းအဝယ် အေးနေသည့် အတွက် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

မြေပဲဆံသည် အမျိုးအစားအလိုက် တစ်ပိဿာလျှင် ရာဂဏန်းခန့်စီ အသီးသီး မြင့်တက်လာခြင်းဖြစ်ပြီး နှမ်းနက်စမုံမူ ကျပ် ၄၀,၀၀၀ ခန့် ကျဆင်းသွားကာ နှမ်းဖြူ (ဂျပန်) နှင့် နှမ်းဖြူ (ဗမာ) တို့မှာ ကျပ် ၂၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အတွင်း ဈေးနှုန်းကျဆင်းသွားသည်။ "မြေပဲဆံက မနေ့ကဆိုရင် အဝင်ပြန်များတယ်။ အရင်ရက်ကဆိုရင် အဝင်နည်းတယ်။ နည်းတော့ တက်ဈေးခေါ် ရောင်းကြတာ။ အရောင်းအဝယ်သွက်နေပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက်စမုန်ကတော့ ဈေးအကျဘက်မှာ ရှိနေတယ်" ဟု မြေပဲအရောင်းအဝယ်လုပ်ကိုင်သူ တစ်ဦးက ဇွန်လ ၁၀ ရက်နေ့က ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ မန္တလေးကုန်စည်ဒိုင်တွင် ဈေးနှုန်းများမှာ မြေပဲဆံ အက်စ်ဝမ်း (S1) လုံးဆန်း တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ မှ ၁၁,၅၀၀ ၊ S1 ဆီဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၆၀၀ မှ ၁၁,၀၀၀ ၊ အနီလုံးဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၉၀၀ မှ ၁၁,၀၀၀ ၊ အနီဆီဆံ တစ်ပိဿာလျှင် ကျပ် ၉,၉၀၀ မှ ၁၀,၁၀၀ နှင့် အနီဆီဆံ (အညာ) တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၀,၃၀၀ ရှိသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းနက်စမုန် (၄၅ ပိဿာတစ်အိတ်) လျှင် ကျပ် ၅၃၀,၀၀၀ မှ ၆၀၀,၀၀၀ ၊ နှမ်းဖြူ (ဂျပန်) တစ်အိတ်လျှင် ကျပ် ၃၄၀,၀၀၀ နှင့် နှမ်းဖြူ (ဗမာ) တစ်အိတ်လျှင် ကျပ် ၃၃၀,၀၀၀ မှ ၃၃၅,၀၀၀ ရှိသည်။

မေလ ၂၉ ရက်နေ့က မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးတွင်မူ S1 လုံးဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၈၀၀ မှ ၁၁,၂၀၀ ၊ S1 ဆီဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၀,၅၀၀ ၊ အနီလုံးဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၅၀၀ မှ ၁၀,၈၀၀ ၊ အနီဆီဆံ တစ်ပိဿာလျှင် ကျပ် ၉,၈၀၀ မှ ၉,၉၀၀ နှင့် အနီဆီဆံ (အညာ) တစ်ပိဿာလျှင် ကျပ် ၉,၇၀၀ မှ ၁၀,၂၀၀ ရှိခဲ့သည်။ နှမ်းဈေးနှုန်းများမှာ နှမ်းနက်စမုန် ၄၅ ပိဿာတစ်အိတ်လျှင် ကျပ် ၅၃၀,၀၀၀ မှ ၆၄၀,၀၀၀ ၊ နှမ်းဖြူ (ဂျပန်) တစ်အိတ်လျှင် ကျပ် ၃၆၀,၀၀၀ မှ ၃၇၀,၀၀၀ နှင့် နှမ်းဖြူ (ဗမာ) တစ်အိတ်လျှင် ကျပ် ၃၅၈,၀၀၀ မှ ၃၆၀,၀၀၀ အထိ ရှိခဲ့သည်။

"အခုက ပြည်တွင်းမှာ မြေပဲဆီက ဈေးကွက်တစ်ခုလည်း ရနေပြီဆိုတော့ မြေပဲဆံဈေးကလည်း အတက်မှာပဲ ရှိနေတာ။ နှမ်းကကျတော့ ဆီလည်း အသုံးနည်းသေးတယ်။ ပြည်တွင်းမှာကလည်း မုန့် လုပ်ငန်း၊ အစားအသောက်လုပ်ငန်းလောက်ပဲ သုံးကြတာ။ စမုန်နက်ဆိုရင် ပြည်ပက ဝယ်လိုအား ကောင်းမှ ဈေးကောင်းတာ" ဟု ပဲ၊ နှမ်းကုန်သည်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ရာသီက မကွေးတိုင်းဒေသကြီးအပါအဝင် နေရာအများစုတွင် မြေပဲစိုက်ပျိုးမှု လျော့ကျပြီး မြေပဲအထွက်နှုန်းများ လည်း လျော့နည်းခဲ့ခြင်းကြောင့် မြေပဲဆံသည် ပြည်တွင်း၌ လက်ကျန်ပမာဏ အများကြီးမရှိတော့ ကြောင်း သိရသည်။ မြေပဲနှင့် နှမ်းကို မကွေးတိုင်းဒေသကြီးတွင် အဓိက စိုက်ပျိုးခြင်းဖြစ်ပြီး ကျန်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင်လည်း စိုက်ပျိုးမှုရှိကြောင်းသိရသည်။

Source: "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။"

Category: Local News