Local News

တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

Last Updated:

ယခုရက်သတ္တပတ်တွင် ပြည်တွင်းစားသုံးသည့် ပဲများ ဈေးနှုန်းငြိမ်လုနီးပါး အခြေအနေ၌ ရှိနေသော်လည်း အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား မျှော်လင့်ချက်ကြောင့် ပို့ကုန်ပဲအချို့ ဈေးနှုန်းက မာလာသည်။

ပြည်ပဈေး မာလာသည့် ပဲစင်းငုံ

အယ်လ်နီညို ရာသီဥတုကြောင့် ပဲစင်းငုံ စိုက်ပျိုးဧက လျော့နည်းသည့် သတင်းများ၊ ဆိပ်ကမ်းများတွင် ပဲစင်းငုံလက်ကျန် လျော့နည်းမှုနှင့် ပြည်တွင်းဝယ်လိုအားအချို့က လက်တလော ပဲစင်းငုံဈေးကို ခိုင်မာလာစေသည်။ ထို့ကြောင့် ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံက သင်္ဘောပေါ်တင်ဈေး (FOB) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၀ ဝန်းကျင် ဈေးဖွင့်သည်။ စိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေနှင့် ပြည်တွင်းဝယ်လိုအားကြောင့် ကာလတိုတွင် ပဲစင်းငုံဈေးနှုန်း ခိုင်မာမှုရှိနိုင်သည်ဟု သုံးသပ်မှုအချို့ ရှိနေသည်။

မြန်မာနိုင်ငံ ဈေးကွက်တွင်လည်း ပဲစင်းငုံ ပြည်ပသို့ ရောင်းချသည့် FOB ဈေး မာလာသည်။ အထူးသဖြင့် ယခုလအတွင်း ပဲစင်းငုံ FOB ဈေး အတက်ဘက်သို့ ပြောင်းလဲလာခြင်းဖြစ်သည်။ အိန္ဒိယဈေးကွက်၏ ဦးဆောင်မှုအပေါ် ဈေးနှုန်းလိုက်ပါ ပြောင်းလဲနေရသည့် ပဲစင်းငုံက မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက် FOB ဈေး၌ ပဲတစ်တန်လျှင် ၁၅ ဒေါ်လာ ဈေးနှုန်းမြင့်တက်သွားသည်။ ပဲစင်းငုံ (အဟောင်း) တစ်တန်လျှင် ဒေါ်လာ ၇၅၀ - ၇၆၀ မှ ၇၆၅ - ၇၇၅ ဒေါ်လာသို့လည်းကောင်း၊ ပဲစင်းငုံ (အသစ်) တစ်တန်လျှင် ဒေါ်လာ ၇၈၀ - ၇၉၀ မှ ၇၉၅ - ၈၀၅ ဒေါ်လာသို့လည်းကောင်း ဈေးနှုန်းပြောင်းလဲသွားသည်။ သို့သော် ယခုရက်သတ္တပတ် ပြည်တွင်းပဲစင်းငုံဈေးမှာ အကျဘက်တွင် ရှိနေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၂၈၀,၀၀၀ ဈေးစတင်ခဲ့ပြီး ကျပ် ၃,၂၅၂,၀၀၀ သို့ ဈေးဆင်းကာ ဇူလိုင် ၂၃ ရက်နေ့တွင် ပဲတစ်တန်လျှင် ကျပ် ၃,၂၆၅,၀၀၀ သို့ ဈေးပြန်ပြောင်းလာသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံဈေးမှာ အကျဘက်တွင် ရှိနေပြီး ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၁၆၀,၀၀၀ ကျော်မှ ကျပ် ၃,၁၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

လစဉ် လျာထားချက်ထက် ကျော်လွန်တင်ပို့နေသည့် ပြောင်း

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ထိုင်းအပါအဝင် ပြည်ပနိုင်ငံများကို တင်ပို့နေသည့် ပြောင်းက ယခုနှစ်တွင် ဈေးကောင်းရရှိခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့ရန် လျာထားသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှ ဝယ်လိုအား အနည်းငယ် လျော့နည်းလာမှုနှင့်အတူ ပြည်တွင်း၊ ပြည်ပ ပြောင်းဈေးမှာ အနည်းငယ် ဈေးငြိမ်နေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြည်ပသို့ ရောင်းချသည့် ပြောင်း FOB ဈေးက ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၀/၂၈၀ ဈေးဖွင့်သည်။ ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၇၄၀၁ - ,၇၆၀ ဖြင့် ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင် ပြောင်းဈေးမှာ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၈၆,၀၀၀ ကျော်၊ စီပီ (CP) ပြောင်းသစ်တစ်တန်လျှင် ကျပ် ၁၀ သိန်းကျော် ဈေးဖွင့်သည်။

ပဲကြီးဈေးငြိမ်

ပြည်တွင်း၌ အဓိကစားသုံးသည့် ပဲကြီးမှာ တက်ဈေးတွင် အနည်းငယ် ဈေးငြိမ်လာသည်။ စိုက်ပျိုးထုတ်လုပ်နိုင်မှု နည်းပါးခဲ့သည့် ပဲကြီးမှာ ယခုနှစ်တွင် စံချိန်တင် ဈေးနှုန်းမြင့်တက်ခဲ့သည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲကြီးမှာ ပြည်တွင်းဈေးသာမက ပြည်ပသို့ ရောင်းချသည့် FOB ဈေးပါ ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်တွင် ပဲအမျိုးအစားအချို့သာ ဈေးနှုန်းအပြောင်းအလဲ ရှိနေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲကြီး FOB ဈေးမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၁,၅၉၅ - ၁,၆၀၅ ဈေးဖွင့်သည်။ ပြည်တွင်းဈေးမှာ ပဲကြီး (ကုန်း) တစ်တန်လျှင် ကျပ် ၁၄,၀၈၅ - ၁၄,၄၃၅၊ ပဲကြီး (ရွှေကျွန်း) တစ်တန်လျှင် ကျပ် ၁၅,၀၄၀ - ၁၅,၉၃၀ ဈေးဖွင့်သည်။ မန္တလေးဈေးကွက်တွင် ပဲကြီးဈေးမှာ ပဲကြီး (သေး) အမျိုးအစားတစ်မျိုးသာ ပဲတစ်တန်လျှင် ကျပ် ၇,၇၅၀,၀၀၀ ကျော်မှ ကျပ် သိန်း ၈၀ ကျော်သို့ ဈေးပြောင်းသွားသည်။ ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၈၅ သိန်းကျော်၊ ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၈၃ သိန်းကျော်ဖြင့် ဈေးငြိမ်နေသည်။

အမျိုးအစားအလိုက် ပဲပုပ်ဈေး အနည်းငယ်လှုပ်လာ

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်မှာ ရန်ကုန်တွင် ဈေးငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် အမျိုးအစားအချို့ ဈေးတက်လာသည်။ ပြည်တွင်း စားဆီအကျပ်အတည်း အနည်းငယ် ပြေလျော့လာမှုနှင့်အတူ ပဲပုပ်မှာ ရန်ကုန်ဈေးကွက်တွင် ဈေးငြိမ်နေသည်။ ရန်ကုန်တွင် ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုး တစ်ပိဿာလျှင် ကျပ် ၇,၈၃၀ - ၈,၀၀၀၊ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုး တစ်ပိဿာလျှင် ကျပ် ၇,၆၆၅ - ၇,၈၃၅ ဈေးဖွင့်သည်။ မန္တလေးဈေးကွက် ပဲပုပ်မှာ ပြည်တွင်းဝယ်လိုအား မျှော်လင့်ချက်ဖြင့် ပဲပုပ်အမျိုးအစားအချို့ ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်။ ပဲပုပ် (ဗမာ) က ကျပ် ၄,၇၇၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသော်လည်း ပဲပုပ် (ရှမ်း) က တစ်တန်လျှင် ကျပ် ၄,၃၇၀,၀၀၀ ကျော်မှ ကျပ် ၄,၄၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

Source: "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။"

Category: Local News