Local News

“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း

Last Updated:

      အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ရုံးအမှတ် ၃ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ  အစည်းအဝေးသို့ အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဦးထွန်းအုံ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဦးဟန်ဝင်းအောင်နှင့် အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကား ပြောကြားခဲ့ရာ အစိုးရသစ်ကာလ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အမြောက်အများတင်သွင်းရခြင်းနှင့် ကမ္ဘာနှင့်တစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်  ကုန်သွယ်မှုလိုငွေမဖြစ်စေရန်အတွက် နိုင်ငံတော်က သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် အဆိုပါထုတ်ကုန်များကို အများဆုံးထုတ်လုပ်နေသည့် MSMEs လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်ရန် အဓိကထားဆောင်ရွက်နေပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော်ရန်အတွက် ဦးစား‌‌ပေးကဏ္ဍ ၁၄ ခုနှင့် အထောက်အကူပြုကဏ္ဍ ၅ ခု၊  စုစုပေါင်းကဏ္ဍ ၁၉ ခုရွေးချယ်ထားပြီး ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးမှ အတည်ပြုပြီးဖြစ်ပါကြောင်း၊ ကဏ္ဍ ၁၉ ခုအတွက် လုပ်ငန်းစီမံချက်များကို ရေးဆွဲအတည်ပြုပြီးပါက စီမံချက်ပါ လုပ်ငန်းစဥ်များကို နိုင်ငံတော်မှချမှတ်ထားသည့် ဦးတည်ချက်များနှင့် ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။

          ဆက်လက်၍ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အမှာစကားပြောကြားခဲ့ပြီး၊ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ အတွင်းရေးမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အကျဉ်းချုပ်ရှင်းလင်း တင်ပြခဲ့ပါသည်။

          ဆက်လက်၍ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြမှုများအပေါ် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌက ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုရှေ့ရှုပြီး ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားကာ အစည်းအဝေးကို ၁၅:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

                                                                                                                မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News