Local News

GAP စနစ်နဲ့ ထုတ်လုပ်တဲ့ နာနတ်သီးများတရုတ်နိုင်ငံသို့ တင်ပို့နိုင်ဖို့ကြိုးပမ်းနေ

Last Updated:

       ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (Good Agriculture Practices- GAP ) နည်းစနစ်အသုံးပြုကာဓာတုဆေးမပါတဲ့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ နာနတ်သီးများအဖြစ် စိုက်ပျိုးထုတ်လုပ်မှုတွေ လုပ်ဆောင်နေပြီး တရုတ်နိုင်ငံသို့ အစိုးရချင်း MoU လက်မှတ်ရေးထိုး၍ တရားဝင် တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ ကုန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ သီပေါမြို့နယ်က တောင်သူ ၂၀၀ ဦးဟာ နာနတ်သီးစိုက်ဧက ၄၀၀၀ ကို GAP နည်းပညာသုံးကာ စိုက်ပျိုးထားပြီး ထွက်ရှိလာတဲ့ နာနတ်သီးတွေကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ဖို့ ဆောင်ရွက်နေတာလို့ နာနတ်သီးတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်သူနှင့် စိုက်ပျိုးသူများထံမှ သိရပါတယ်။

     GAP နည်းပညာသုံး နာနတ်သီးများတင်ပို့နိုင်ဖို့ စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားရှိရမှာပါ။ လက်ရှိမှာတော့ နာနတ်သီးကိုတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နေတဲ့ Golden Pineapple Co., Ltd ကတော့ မှတ်ပုံတင်ထားရှိပြီးဖြစ်ကာ မန္တလေးနှင့် မူဆယ်မြို့တို့ရှိ ကုမ္ပဏီ ၄ ခုတို့မှလည်း မှတ်ပုံတင် လျှောက်ထားခြင်းများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    “လတ်တလောတော့ တရုတ်ဘက်ကစစ်ဆေးတာပြီးသွားပြီ။ တရုတ်ဘက်ကပိုးမွှားဌာနက မြန်မာ ဘက်ကဌာနကို သဘောထားမှတ်ချက်တောင်းလို့လည်း ပို့ပြီးသွားပြီ။ လာရောက် စစ်ဆေးဖို့ ကျန်သေးတယ်။ စစ်ဆေးပြီးတာနဲ့ အစိုးရချင်း MoUထိုးပြီးပို့ခွင့်ရမှာပါ” လို့ တောင်သူတစ်ဦးကပြောပါတယ်။ GACC အနေဖြင့် တင်ပို့လာမည့် နာနတ်သီးစိုက်ပျိုးရာ ဒေသများရှိခြံများ၊ သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မှာဖြစ်ပြီး တောင်သူတွေက ကုန်ကျစရိတ်တွေကျခံပေးရမှာပါ။ အဲလိုကွင်းဆင်း စစ်ဆေးချက်များ အောင်မြင်ပါက အစိုးရချင်း MoU လက်မှတ်ရေးထိုးကာ လာမယ့်ရာသီချိန်မှစတင်ကာ တင်ပို့နိုင်ဖို့ မျှော်မှန်း ထားတယ်လို့ သိရပါတယ်။

      မြန်မာ့ဒေသထွက် နာနတ်သီးတွေကို ယခင်ကတော့ မူဆယ်နယ်စပ်မှ တဆင့်တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုဟာတစ်ရက်ကိုတန် ၃၀၀ မှ ၅၀၀ အထိအဝယ် ရှိခဲ့သော်လည်း ၂၀၁၉ ဩဂုတ်လမှစတင်ကာ ဝယ်ယူမှုကိုတရုတ် နိုင်ငံဘက်ကရပ်ဆိုင်းခဲ့တာလို့ စိုက်ပျိုးတောင်သူများထံမှ သိရပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံဘက်မှ တရားဝင်ပြန်လည်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။ နာနတ်သီးအများဆုံး ထွက်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများမှာလားရှိုး၊ သီပေါ၊ ဆိုက်ခေါင်စသည်တို့ဖြစ်ပြီး ပြည်တွင်း ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတယ်လို့ နာနတ်စိုက်ပျိုး တောင်သူတွေထံမှ သိရပါတယ်။

      နာနတ်စိုက်ပျိုးမှုကသီပေါမှာ ၅၅ ရာခိုင်နှုန်း၊ လားရှိုးမှာ ၁၇ ရာခိုင်နှုန်းတန့်ယန်းမှာ ၉ ရာခိုင်နှုန်း၊ ဆိုက်ခေါင်မှာ ၆ ရာခိုင်နှုန်း၊ မိုင်းကိုင်၊ နမ့်ဆန်နဲ့ တခြားဒေသတွေမှာတော့ ၁၃ ရာခိုင်နှုန်းခန့်အထိ စိုက်ပျိုးထားရှိတယ်လို့ သိရပါတယ်။ အစားအစာတွေမှာဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင် GAP စနစ်နဲ့ စိုက်ပျိုးခြင်းနှင့် Organic (ဓာတုကင်းလွတ်စနစ်) နဲ့ စိုက်ပျိုးခြင်းဆိုပြီးရှိကြောင်းသိရပါတယ်။ GAP စနစ်ဟာမြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည့်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများအနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်း များကိုစုစည်းထားသည့် စံလုပ်ထုံးလုပ်နည်းလမ်းညွှန်မှုများဖြစ်ပါတယ်။

Source: ထွက်တိုး

 

Category: Local News