Local News

မြန်မာ့စိန်တလုံးသရက်သီး ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

Last Updated:

မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ မြန်မာ့စိန်တလုံးသရက်သီးမှာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း၊ ကျောက်ဆည်ဒေသ၊ စဉ့်ကိုင်ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချိုစသော သရက်သီး အမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ရွှေဘို၊ ကန့်ဘလူ၊ ဘုတလင်မြို့နယ်များသည်   စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချို စသည့် သရက်မျိုးများစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

ယခု မေလဆန်းပိုင်များစ၍ ရွှေဘို၊ ဘုတလင်၊ ကနီမြို့နယ်များမှ ဝင်ရောက်လာပြီး မုံရွာမြို့ရှိဈေးများသို့ မြန်မာ့စိန်တလုံးသရက်သီးသည် ဈေးကွက်ရရှိနေပြီး ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရရှိကာ သရက်သီးပွဲရုံများတွင် တောင်းပြတ်ရောင်းချလျှင် တောင်းတစ်တောင်းကို  လက်က္ကားဈေးပြွန် ပျမ်းမျှ တစ်လုံး(၅၀၀) ကျပ်နှုန်းဖြင့် အလုံးရေ (၁၂၀) ပါ (၆၀၀၀၀)ကျပ်ဖြင့် ရောင်းချရပါကြောင်း၊ သစ်သီးခြင်းတစ်ခြင်းလျှင် အလုံးရေ(၁၀၀)လုံးပါ ငွေကျပ် ၅ သောင်းဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ရွေးကောက်ရောင်းချလျှင် သရက်သီးအလုံး အသေး/အကြီးအမျိုးအစား ပေါ်မှုတည်၍ (၅၀၀)ကျပ်မှ စတင်ပြီး (၁၀၀၀)ကျပ် အထိရောင်းချရပြီး ဈေးကွက် အတွင်း အရောင်းသွက်လျက်ရှိကြောင်း၊ တစ်ရက်ရောင်းချရမှုမှာ သရက်သီးတောင်းရေ ၁၀၀ မှ ၁၅၀ ခန့်ထိ ရောင်းချရပြီး ရန်ကုန်၊ မန္တလေး၊ပြင်ဦးလွင်မြို့များသို့ ပို့ဆောင်ရပါကြောင်း သရက်သီးပွဲရုံမှ သိရှိရပါသည်။

လက်လီဈေးသည်များသည်လည်း ဈေးကောင်းရရှိနေသောကြောင်း ပွဲရုံမှ ဖောက်သည် ဈေးယူကာ ထပ်ဆင့်ရောင်းချရာ တစ်ရက်လျှင် တောင်းရေ (၁၀) လုံးခန့် ရောင်းချရကြောင်း သိရှိရပြီး   စိန်တစ်လုံးသရက်သည် လှိုင်လှိုင်ပေါ်နေသည့် အချိန်ဖြစ်၍ "အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုသည့်အတိုင်း စိန်တလုံးသရက်သည်" ယခုအချိန်တွင် ရောင်းအား အကောင်းဆုံးအချိန်ဖြစ်၍ ရောင်းချသည့် ပွဲရုံလက်ကားဒိုင်နှင့် လက်လီးဈေးသည်များပါ အမြတ် အစွန်းများ ပိုမိုရရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News