Local News

ပြည်တွင်းဆန်/စပါးဈေးနုန်းမြင့်တက်နေမှုကြောင့် အကန့်အသတ်စနစ်(Quota)ဖြင့် ပြည်ပသို့ ဆန်တင်ပို့မည် ဟုဆို

Last Updated:

ရွှေမန်း

      ပြည်တွင်း၌ ဆန်/စပါးဈေးနှုန်းမြင့်တက်လာနေမှုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုတွင် အကန့်အသတ် စနစ် (Quota) ဖြင့် တင်ပို့ရမည်ဖြစ်ပြီး ဆန်တင်ပို့မှုလိုင်စင်ဟောင်းများကိုလည်း စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ယင်းစနစ်အရ တစ်လလျှင် ဆန်တန်ချိန် တစ်သိန်းခွဲခန့်သာ တင်ပို့ရမည်ဖြစ်ပြီး ဆန်တင်ပို့ရန် လိုင်စင်သစ် လျှောက်ထားမှုရရှိရန် မလွယ်ကူ တော့ဟု ဆိုသည်။

     “ပြည်ပကို ဆန်တင်ပို့မှုမှာ Quota စနစ်ပြန်လုပ်ထားတာဖြစ်ပြီး တစ်လကို ဆန်တန်ချိန် တစ်သိန်းခွဲ လောက်ပဲ တင်ပို့ပါမယ်။လိုင်စင်သစ်လျှောက်ထားမှုလောလောဆယ်မလွယ်ဘဲ ခက်နေသလို လိုင်စင်ဟောင်း တွေလည်း စီစစ်နေတာလုပ်နေပါတယ်” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပဆန်တင်ပို့မှုတွင် တစ်လလျင် ဆန်တန်ချိန်တစ်သိန်းခွဲ (အိပ်ရေ သုံးသန်း) သတ်မှတ်ထားသော်လည်း ဈေးနှုန်းကွာဟနေမှုကြောင့် ဆန်ကုန်စည်ဒိုင်များသို့ ဆန်ဝင်ရောက်မှု နည်းခြင်းနှင့် ဝယ်ယူရရှိမှုခက်ခဲ ခြင်းများရှိနေကြောင်းသိရသည်။

       “ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တွေက တင်ပို့ပါတယ်။ တရုတ်ဆိုရင် နယ်စပ်လမ်းကြောင်းက   အဓိကတင်ပို့ပြီး  ပင်လယ် ရေကြောင်းကဆိုရင် အာဖရိက၊ အာရှနဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ပါတယ်”ဟု ဆက်လက်ပြောကြားသည်။ ပြည်တွင်းဆန်/ စပါး ဈေးကွက်တွင် ၂၀၂၂ နှစ်ကုန်ပိုင်းခန့်မှ စတင်၍ ဈေးနှုန်းများ မြင့်တက်ခဲ့ရာ ဖေဖေါ်ဝါရီလ စတုတ္တပတ်က အနည်းငယ်ကျဆင်းခဲ့ပြီးနောက်  ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၁၁ လတာ  ကာလအတွင်း မြန်မာနိုင်ငံမှ   ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန် ၂ ဒသမ ၀၉၉ သန်းဖြစ်ကြောင်း သိရ သည်။

Source: မကွေးဂျာနယ်

Category: Local News