International News

အမေရိကန်ဆိပ်ကမ်းလုပ်သားများ ဆန္ဒပြမှုကြောင့် စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေ

Last Updated:

အမေရိကန်အရှေ့ဘက်ကမ်းခြေနှင့် မက္ကဆီကိုပင်လယ်ကွေ့တစ်လျှောက်ရှိ ဆိပ်ကမ်းများမှ လုပ်သားများပါဝင်သည့် နိုင်ငံတကာဆိပ်ကမ်းလုပ်သားများအသင်း (International Long shoremen’s Association, ILA) သည် ဆိပ်ကမ်းလုပ်သား (၄၇,၀၀၀)ကျော်ကို ကိုယ်စားပြုပြီး အဆိုပါ ဆိပ်ကမ်းများရှိ ကုန်ပစ္စည်းပို့ဆောင်သည့်လုပ်ငန်းများနှင့် ဆိပ်ကမ်းလုပ်ငန်းကုမ္ပဏီများကို ကိုယ် စားပြုသည့် အမေရိကန်ရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (U.S. Marine Alliance)၏ ကိုယ်စားလှယ်များနှင့် အလုပ်ခန့်ထားမှုစာချုပ်အသစ်ကို ညှိနှိုင်းလျက်ရှိရာ သဘောတူညီမှုမရရှိသေးကြောင်းနှင့်  အလုပ်သမားများ၏ အလုပ်ခန့်ထားမှုစာချုပ်သည် ၃၀-၉-၂၀၂၄ ရက် (တနင်္လာနေ့) တွင် ကုန်ဆုံးခဲ့ရာ အလုပ်သမားများက စာချုပ်သက်တမ်းကုန်ဆုံးသည့် တနင်္လာနေ့ ညသန်းခေါင်ယံ အချိန်တွင် ဆန္ဒပြမှုကို စတင်ခဲ့ကြောင်းသိရှိရပါ သည်။ ဆိပ်ကမ်းလုပ်သားများက စက်များဖြင့် အစားထိုး၍ လုပ်ဆောင်နိုင်ခြင်းမရှိသည့် အလုပ် အကိုင်များအတွက် လုပ်ခလစာကို သိသာစွာ တိုးမြှင့်ပေးရန်နှင့် အာမခံချက်ပေးရန် တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်များအပေါ် နှစ်ဖက်ညှိနှိုင်းမှုသည် ပြေလည်မှုမရရှိခဲ့ခြင်းကြောင့် ဇွန်လတွင်ညှိနှိုင်းမှုကို ရပ်ဆိုင်းခဲ့ပါသည်။  

ယင်းသို့ဆိပ်ကမ်းလုပ်သားများဆန္ဒပြမှုကြောင့် မိန်းပြည်နယ်နှင့် တက္ကဆက်ပြည်နယ် အကြားရှိ ဆိပ်ကမ်း (၃၆)ခုမှ တင်ပို့/သွင်းလျက်ရှိသည့် ကစားစရာအရုပ်များမှအစ ဆေးဝါးပစ္စည်းများအားလုံးပို့ဆောင်မှုများကို ထိခိုက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများရပ်ဆိုင်းခဲ့ကြောင်း၊ အဆိုပါ သက် ရောက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း သက်ရောက်မှုဖြစ်နိုင်ပြီး တစ်ရက်တည်းတွင် ဒေါ်လာ သန်းပေါင်းများစွာ ထိခိုက်နိုင်ရာ ဆန္ဒပြမှုကြာမြင့်ပါက အခြေအနေပို၍ ဆိုးရွားလာနိုင်ကြောင်း သိရှိ ရပါသည်။

ကုန်ပစ္စည်းပို့ဆောင်သည့်လုပ်ငန်းများနှင့် ဆိပ်ကမ်းလုပ်ငန်းကုမ္ပဏီများကို ကိုယ်စားပြု သည့် အမေရိကန်ရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (U.S. Marine Alliance)၏ အလုပ်သမား များဆန္ဒပြမှု မစတင်မီ ပြောကြားချက်အရ ဆွေးနွေးညှိနှိုင်းသူများအကြား လုပ်ခလစာ (၅၀) ရာခိုင်နှုန်း တိုးမြှင့်ပေးမည့် အဆိုပြုလွှာကို လှဲလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် Mr. Harold Daggett က အလုပ်သမားများအနေဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါကာလတစ်လျှောက် အလုပ်များလုပ်ကိုင်ခဲ့ရပြီး အကျိုးအမြတ်များကို ခံစားခွင့်ရရှိသင့် သည်ဟု ပြောကြားခဲ့ကြောင်း၊ ဆန္ဒပြသူများက “မျှတသည့်အလုပ်ခန့်ထားမှုစာချုပ်များမရှိဘဲ လုပ် ငန်းခွင်မဝင်”၊ “လူများအပေါ် အကျိုးအမြတ်ယူခြင်းသည် လက်ခံနိုင်ဖွယ်မရှိ” နှင့် “စက်များတွင် ကျွေးမွေးစောင့်ရှောက်ရမည့် မိသားစုမရှိ” စသည် ဆောင်ပုဒ်များကိုင်စွဲလျက် ဆန္ဒပြလျက်ရှိ ကြောင်း သိရှိရပါသည်။

အမေရိကန်အရှေ့ဘက်ကမ်းခြေနှင့် မက္ကဆီကိုပင်လယ်ကွေ့တစ်လျှောက်ရှိ ဆိပ်ကမ်း (၁၄) ခု သည် နိုင်ငံအတွင်းသို့ ကွန်တင်နာဖြင့်ဝင်ရောက်လာသည့် ကုန်သွယ်မှုစုစုပေါင်း၏ထက်ဝက်ကို ကိုယ်စားပြုဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ၏ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို ကမ္ဘာ့ နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်လီအရောင်းဆိုင်ကြီးများ ကဲ့သို့သော  သွင်းကုန်လုပ်ငန်းကြီးများသည် ဆန္ဒပြမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက် ရောက်မှုများအတွက် ယခုနှစ်အစောပိုင်းကပင် ကြိုတင်ပြင်ဆင်လျက်ရှိကြကြောင်း၊ ကုန် ပစ္စည်းပို့ဆောင်သည့် လုပ်ငန်းများနှင့် ဆိပ်ကမ်းမန်နေဂျာများသည် ဆိပ်ကမ်းလုပ်ငန်းများ ယင်းသို့ပြတ်တောက်နိုင်ခြေကို ကြိုတင်ပြင်ဆင်ထားရှိသော်လည်း ပို့ကုန်၊ သွင်းကုန်ပမာဏအများအပြားကို ထိခိုက်နိုင်ကြောင်းနှင့် ဆန္ဒပြမှုမစတင်မီ ၃၀-၉-၂၀၂၄ ရက် (၁၇၀၀)နာရီကပင် နယူးယောက်နှင့် နယူးဂျာဆီ ဆိပ်ကမ်းများသို့ ဝင်ရောက်မည့် ကုန်တင်ကားများ၏ ဝင်ပေါက်များကို ပိတ်ထားခဲ့ပြီး ဆန္ဒပြချိန် အတွင် အဆိုပါ ဆိပ်ကမ်းများ၌ ကွန်တင်နာသင်္ဘောပေါင်း (၁၀၀,၀၀၀)ခန့် ဆိပ်ကမ်းများတွင် ရပ် နားလျက်ရှိကြောင်း  သိရှိရပါသည်။

အနောက်ဘက်ကမ်းခြေရှိ ဆိပ်ကမ်းလုပ်သားများသည် ၂၀၂၃ ခုနှစ်တွင် လုပ်ခလစာ (၃၅) ရာခိုင်နှုန်း တိုးမြှင့်တောင်းခံလျက် (၆)နှစ်စာချုပ်ချုပ်ဆိုထားရာ အမေရိကန်အရှေ့ဘက်ကမ်းခြေနှင့် မက္ကဆီကိုပင်လယ်ကွေ့တစ်လျှောက်ရှိ ဆိပ်ကမ်းလုပ်သားများ၏ ဆန္ဒပြမှုတွင် ပါဝင်မည်မဟုတ် ကြောင်း၊ ထို့ကြောင့် အချို့ကုန်ပစ္စည်းများကို အနောက်ဘက်ကမ်းခြေမှတစ်ဆင့် တင်ပို့နိုင်ကြောင်း၊ သို့ရာတွင် ၎င်းတို့အနေဖြင့် အရှေဘက်ကမ်းခြေဆိပ်ကမ်းလုပ်သားများနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ကုန်ပစ္စည်းများကို ကိုယ်တွယ်ရန်ငြင်းဆိုနိုင်ကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အတင်/အချပြုလုပ်သည့်ဆိပ်ကမ်းများတွင် ၎င်းကိုယ်ပိုင်အလုပ်သမားများရှိပြီး ဆန္ဒပြမှုကြောင့် ထိခိုက်မှုရှိမည်မဟုတ်ကြောင်း သိရှိရပါ သည်။

သမ္မတအိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ နှစ်ဖက်အဖွဲ့နှင့် တွေ့ဆုံဆွေး နွေးလျက် ညှိနှိုင်းသွားရန် တိုက်တွန်းထားပြီး ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်လုပ်ငန်းအဖွဲ့ (Supply Chain Task Force) အနေဖြင့် ထိခိုက်မှုများလျှော့နည်းအောင် ကူညီဆောင်ရွက်ပေးရန် အဆင်သင့် ရှိသည်ဟု ဖော်ပြထားကြောင်း၊ အမေရိကန်ကုန်သည်ကြီးများအသင်း (U.S. Chamber of Commerce) က သမ္မတဂျိုးဘိုင်ဒင်အား Thaft-Hartley Act အရ အလုပ်သမားများ ၎င်းတို့၏အလုပ်ကိုရပ်တန့်ပြီး ဆန္ဒပြမှုကို ဟန့်တားရန် တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ Thaft-Hartley Act အရ ရက်ပေါင်း (၈၀) အထိစောင့်ဆိုင်းလျက် နှစ်ဖက်ဆွေးနွေးညှိနှိုင်းရန် သတ်မှတ်နိုင်ကြောင်း၊ အရှေ့ဘက်ကမ်းခြေ ဆိပ်ကမ်းအလုပ်သမားများ၏ ဆန္ဒပြမှုသည် အချိန်ကာလမည်မျှအထိကြာမြင့်မည်ကို မသိရှိရသော် လည်း အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် နီးကပ်လာပြီဖြစ်ရာ စီးပွားရေးနှင့် နိုင်ငံရေးအရ သက်ရောက်မှုများရှိနိုင်သဖြင့် သမ္မတအိမ်ဖြူတော်က ကြားဝင်ဖြေရှင်းလာနိုင်ကြောင်း ခန့်မှန်းကြသော်လည်း သမ္မတဂျိုးဘိုင်ဒင်သည် အလုပ်သမား များဘက်မှ ရပ်တည်သူတစ်ဦးဖြစ်ရာ ထိုသို့ကြားဝင် ဖြေရှင်းမှုပြုလုပ်မည်မဟုတ်ဟုယူဆရကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News