ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူအဖြစ် ရပ်တည်လျက်ရှိသော်လည်း ယခုနှစ်အတွင်း ဆန်တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး သုံးစွဲရန်မျှော်လင့်ထားကြောင်း The Saigon Times သတင်းဖော်ပြချက်အရ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီမှ သြဂုတ်လအတွင်း ဆန်တင်သွင်းမှုအတွက် အမေရိကန် ဒေါ်လာ သန်း ၈၅၀ သုံးစွဲခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဗီယက်နမ်လယ်သမားများအနေဖြင့် တန်ဖိုးမြင့်ဆန်မွှေးများကို ရွေးချယ်စိုက်ပျိုး လာသည့် အတွက် ပြည်တွင်းဆန်ထုတ်လုပ်မှု အပြောင်းအလဲများဖြစ်လာကြောင်း၊ ပြည်တွင်း စားသုံးသူများ နှစ်သက်သည့် ဆန်ဝယ်လိုအားပြည့်မီရန်အတွက် ဗီယက်နမ်မှ ဆန်တင်သွင်း လျက်ရှိကြောင်း ပြည်တွင်းသတင်းများ ဖော်ပြချက်အရ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကမ္ဘောဒီးယားမှ ဆန်တန်ချိန် တစ်သန်းကျော် နှစ်စဉ် တင်သွင်းလျက်ရှိသည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (MARD) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပြုပြင်ပြီး စားသောက်ကုန်များ၊ တိရစ္ဆာန်အစာနှင့် အခြားစားနပ်ရိက္ခာ ထုတ်ကုန်များတွင် အသုံးပြုရန် အတွက် အိန္ဒိယကဲ့သို့ ဆန်အဓိကတင်ပို့သည့် နိုင်ငံများမှ တင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။
ပြည်ပမှ တင်သွင်းလာသော ဆန်များကို ပြည်တွင်းဆန်နှင့် ရောနှောခြင်း သို့မဟုတ် ဗီယက်နမ်ဆန်အဖြစ် ပြန်လည်တင်ပို့ခြင်း ဖြစ်နိုင်မည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း နိုင်ငံ အသီးသီးမှ ဆန်မျိုးကွဲများ၏ ထူးခြားသောလက္ခဏာများကြောင့် အဆိုပါ အန္တရာယ်များမှာ ဖြစ်နိုင်ချေနည်းပါးကြောင်း ကျွမ်းကျင်သူများက ယူဆကြသည်။
ဗီယက်နမ်နိုင်ငံ၏ နှစ်စဉ်ဆန်ထုတ်လုပ်မှုသည် စားနပ်ရိက္ခာဖူလုံမှုရှိစေရန်၊ နိုင်ငံတော် အရံငွေကို ထိန်းသိမ်းရန်နှင့် ပို့ကုန်လုပ်ငန်းများကို ပံ့ပိုးပေးရန်အတွက် လုံလောက်မှုရှိသည်ဟု စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရပါသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနသည် ၂၀၃၀ ခုနှစ်တွင် ဆန်တန်ချိန် ၂၇ သန်းမှ ၂၈ သန်းအထိ ထုတ်လုပ်မှုရှိနိုင်မည့် စပါးတန်ချိန် ၄၃ သန်း အထိ ရရှိရန် ရည်မှန်းထားသည်။
ဗီယက်နမ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်တွင်းစားသုံးမှုအတွက် စပါးတန်ချိန် ၂၉.၅ သန်းခန့် လိုအပ်မည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားသည်။ သို့ဖြစ်ရာ စပါးတန်ချိန် ၁၃.၅ သန်း သို့မဟုတ် ဆန်တန်ချိန် ၇ သန်းမှ ၈ သန်းအထိ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
Source: The Saigon Times
(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)