International News

၂၀၂၄ ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ချိန်ညှိထားသည့် လစာနှုန်း ၁.၇ ရာခိုင်နှုန်း မြင့်တက်လာနိုင်

Last Updated:

        ၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသ၏ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ချိန်ညှိထားသည့် လစာနှုန်း တိုးတက်မှု ၁.၈ ရာခိုင်နှုန်းရှိပြီး ၂၀၂၄ ခုနှစ်တွင် ၁.၇ ရာခိုင်နှုန်း ရှိနိုင်မည်ဟု ခန့်မှန်း ထားသည်ဟု ECA international ၏ အစီရင်ခံစာတွင် ဖော်ပြထားခဲ့ကြောင်း The Standard သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် “Real wages to edge up 1.7pc in 2024” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

          ယခုနှစ်အတွင်း ဟောင်ကောင်ဒေသမှ လုပ်သားများ၏ ပုံမှန်လစာ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း အဆိုပါ ပမာဏအတိုင်းဆက်လက်တိုးတက်သွားမည်ဟု ခန့်မှန်းထားသည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ECA International ကုမ္ပဏီ၏ လစာနှုန်းထားနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

          အာရှပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်လွှားမှ တိုးတက်သည့် အခြားဒေသများနှင့် နှိုင်းယှဉ် ပါက ဟောင်ကောင်ဒေသရှိ လုပ်သားများသည် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းအောက် လစာနှုန်း ကိုသာရရှိနေပြီး၊ လာမည့်နှစ်အတွင်း လစာနှုန်းတိုးတက်မှုမှာလည်း ထိုလမ်းကြောင်း အတိုင်းပင် ဆက်သွားနေမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

          ၂၀၂၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၂.၃ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းချက်များ အရ ဟောင်ကောင်ဒေသ၏ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ချိန်ညှိထားသည့် လစာနှုန်း တိုးတက်မှု ၁.၇ ရာခိုင်နှုန်း ရှိနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ထိုပမာဏသည် ၂.၂ ရာခိုင်နှုန်းရှိနေသည့် အာရှပစိဖိတ်ဒေသ လစာနှုန်း တိုးတက်မှုနှုန်းထက် နိမ့်ကျနေကြောင်း ရေးသားဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)။

 

Category: International News