International News

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရရှိခဲ့မှုကြောင့် မူဝါဒအပြောင်းအလဲများ၏ သက်ရောက်လာနိုင်မှုများအတွက် အာရှဒေသရှိ နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်လျက်ရှိ

Last Updated:

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့်အနေဖြင့် တရုတ်နိုင်ငံထုတ် ထုတ်ကုန်များအပေါ် အကောက်ခွန်များအဆမတန် တိုးမြှင့်ကောက်ခံမည် ဆိုပါက အာရှဒေသတွင်း နိုင်ငံများသို့ တရုတ်နိုင်ငံမှ လုပ်ငန်းများ ပြောင်းရွှေ့လာနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံများအကြား ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် အာရှဒေသအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်မတည်ငြိမ်မှုကို ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ တိုးတက်မှုအတွက် အဓိကကျသည့် အာရှဒေသကို များစွာသက်ရောက်စေနိုင်မည် ဖြစ်ကြောင်း ၁၀-၁၁-၂၀၂၄ ရက်နေ့ထုတ် The Japan Today သတင်းစာတွင် “Asia, the world‘s economic engine, prepares for Trump shock” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်း၌ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ဒေါ်နယ်ထရမ့်အနေဖြင့် ရွေးကောက်ပွဲ ကာလ မဲဆွယ်စည်းရုံးစဉ်တွင် အမေရိကန်-တရုတ် ကုန်သွယ်မှုညီမျှမှုကို ဖြစ်ပေါ်စေရေးအတွက် တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းသည့် ကုန်စည်များအားလုံးကို ၆၀ ရာခိုင်နှုန်းအထိ အကောက်ခွန်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ သို့သော် သမ္မတအသစ်အနေဖြင့် ရွေးကောက်ပွဲမဲဆွယ်စဉ် ပြောကြားခဲ့သည့်အတိုင်း လက်တွေ့ဆောင်ရွက်နိုင်မှုကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်းနှင့် ထိုသို့ အကောက်ခွန် နှုန်းတိုးမြှင့်ကောက်ခံမည် ဆိုပါက တရုတ် နိုင်ငံ၏ စီးပွားရေးကို ၀.၇ ရာခိုင်နှုန်းမှ ၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုသို့ တရုတ်နိုင်ငံမှ စီးပွားရေးကျဆင်းလာမည် ဆိုပါက တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများအပြားရှိသည့်အပြင်၊ တရုတ်နိုင်ငံနှင့် ထုတ်လုပ်မှုကွင်းဆက် ချိတ်ဆက်လျက် ရှိသော အရှေ့တောင်အာရှ နိုင်ငံများကိုပါရိုက်ခတ်လာနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ထုတ်ကုန်များ အပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းကြောင့် တရုတ်ထုတ်ကုန်များအား အမေရိကန်မှ ဝယ်လိုအား ကျဆင်းလာခြင်းသည် အာဆီယံနိုင်ငံမှ ဝယ်လိုအားကျဆင်းလာခြင်းဟုလည်း သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် နီကယ်နှင့် သတ္တုများ အဓိကတင်ပို့သူဖြစ်သည့် အားလျော်စွာ အဆိုပါ ထုတ်ကုန်များ၏ ပို့ကုန်ကျဆင်းလာနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများမှ ဂျပန်၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ဒေါ်နယ်ထရမ့်အနေဖြင့် ပြည်တွင်းထုတ်လုပ်သူများအား ကာကွယ်သည့်မူဝါဒကို ကျင့်သုံးသည့်အနေဖြင့် သွင်းကုန်အားလုံးကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားထားကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက  အမေရိကန်နှင့်တိုက်ရိုက် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် နိုင်ငံများအပေါ်တွင်ပါ သက်ရောက်စေနိုင်မည်ဖြစ် ကြောင်း၊ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု၏ ၃၉.၁ ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း၊ ထို့အတူ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန် စုစုပေါင်း၏ ၂၇.၄ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံ၏ ပို့ကုန်စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန် စုစုပေါင်း၏ ၁၅.၄ ရာခိုင်နှုန်းတို့မှာ အမေရိကန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသို့ အကောက် ခွန်တိုးမြှင့် ကောက်ခံပါက ဗီယက်နမ်နိုင်ငံမှ တစ်ဆင့် လျှပ်စစ်ပစ္စည်းများ ပြောင်းလဲ တင်ပို့လာနိုင်မှုကြောင့် ဗီယက်နမ်နိုင်ငံအပေါ်လည်း အကောက်ခွန်တိုးမြှင့် သတ်မှတ်လာနိုင် ကြောင်း၊ အိန္ဒိယနိုင်ငံတွင် တရုတ်စက်ရုံများ အမြောက်အများရှိသည့်အတွက် မော်တော်ယာဉ်၊ ချည်ထည်၊ ဆေးဝါး၊ ဝိုင်အစရှိသည့် အိန္ဒိယမှ ကုန်စည်များအပေါ်လည်း အမေရိကန်မှ အကောက်ခွန်တိုးမြှင့်ကောက်ခံလာနိုင်ကြောင်း၊ ထို့ကြောင့် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲသည် အိန္ဒိယနိုင်ငံအတွက်ပါ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကာလလတ်အနေဖြင့် တရုတ်နိုင်ငံ ပြင်ပတွင် စက်ရုံများ ပိုမိုတည်ဆောက်လာနိုင်ကြောင်း၊ အထူးသဖြင့် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း ပထမ ကာလတွင် China+1 Strategy ကို စတင်ခဲ့ကြပြီး၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် ထုတ်လုပ်မှုလုပ်ငန်းများ ရွှေ့ပြောင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုစဉ်က ပထဝီအနေအထား ကောင်းမွန်ခြင်းနှင့် လုပ်အားခသက်သာသော ကျွမ်းကျင်လုပ်သားများ အများအပြားရှိခြင်းကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် Apple ၏ လက်အောက်ခံကုမ္ပဏီ Foxconn ၊ Pegatron နှင့် Samsaung တို့မှ ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့အတူ တရုတ်နိုင်ငံမှ ဆိုလာ၊ လျှပ်စစ် ယာဉ်နှင့် သတ္တုကုမ္ပဏီအများအပြား အနေဖြင့်လည်း ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ သာမန်လုပ်ငန်းများမှသည် နည်းပညာမြင့်လုပ်ငန်းများအထိ တရုတ်နိုင်ငံရှိ လုပ်ငန်းများအနေဖြင့် ဈေးနှုန်း၊ ပမာဏနှင့် အရည်အသွေးအားဖြင့် အားသာချက်များ ရှိကြောင်း၊ အာရှနိုင်ငံများအနေဖြင့် ပို့ကုန်ဝေစုရရှိလာနိုင်သော်လည်း ကမ္ဘာ့ဝယ်လိုအား ကျဆင်း လာနိုင်မှုကြောင့် ပို့ကုန်တင်ပို့မှု ကျဆင်းလာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့

Category: International News