International News

၂၀၂၄ ခုနှစ်တွင် ဂျာမနီ၏စီးပွားရေး တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာမည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းထား

Last Updated:

          ဂျာမနီနိုင်ငံတွင် ဩဇာအရှိန်အဝါကြီးမားသော ဂျာမန်စီးပွားရေး ကျွမ်းကျင်သူများ ကောင်စီသည် ဂျာမနီနိုင်ငံ၏ စီးပွားရေးကို ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ကျဆင်းနေလိမ့်မည်ဖြစ်ပြီး၊ လာမည့်နှစ်တွင်လည်း နာလန်ထူရုံမျှပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု ၈-၁၁-၂၀၂၃ ရက်တွင် ခန့်မှန်းထားခဲ့ပါသည်။

         အဆိုပါခန့်မှန်းချက်သည် ဂျာမနီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုမှ ပွတ်ကာ သီကာ ရှောင်ရှားနိုင်လိမ့်မည်ဟု အဆိုပါစီးပွားရေးအဖွဲ့မှပင် မတ်လအတွင်းက ခန့်မှန်းထားခဲ့ သော အစီရင်ခံစာပါ ခန့်မှန်းချက်များထက် အဆိုးမြင်မှုများ ပိုများနေခဲ့သည်။

      ဂျာမနီ၏စီးပွားရေးသည် ယခုနှစ်(၂၀၂၃ ခုနှစ်)တွင် ၀.၄ ရာခိုင်နှုန်းကျုံ့နေလိမ့်မည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင်လည်း တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းမရှိဘဲ ရပ်တန့်နေလိမ့်မည်ဟု ဂျာမနီ၏ စီးပွားရေး ကျွမ်းကျင်သူဂုရုကြီးများဟု လူသိများသော သေချာစွာ ရွေးချယ်ဖွဲ့စည်းထားသည့် စီးပွားရေးပညာရှင်ကြီး(၅)ဦးပါဝင်သောအဖွဲ့မှခန့်မှန်းထားပါသည်။ သို့သော်လည်း ၂၀၂၄ ခုနှစ် အတွက် ဂျာမန် ဂျီဒီပီကိုမူ တိုးတက်မှုနှုန်း ၀.၇ ရာခိုင်နှုန်းရှိလိမ့်မည်ဟု ၎င်းတို့က မျှော်မှန်းထားကြပါသည်။

       ကျွမ်းကျင်သူ များအဖွဲ့အနေဖြင့် အဓိကဆောင်ရွက်ရသည့်အလုပ်မှာ ဂျာမန်အစိုးရ၏ စီးပွားရေး မူဝါဒများကို လေ့လာသုံးသပ်အကဲဖြတ်၍ ယင်းအပေါ် ခွဲခြမ်းစိတ်ဖြာမှုများအား လွတ်လပ်စွာ ဆောင်ရွက်ပေးရခြင်းဖြစ်ပါသည်။ ဂျာမနီနိုင်ငံ၏ စွမ်းအင်သုံးစက်မှုကဏ္ဍသည် အတိုင်းအတာ တစ်ခုအထိရှိနေသည်ဖြစ်ရာ ယခုကဲ့သို့ စွမ်းအင်စျေးနှုန်း မတည်ငြိမ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်းသည် စွမ်းဆောင်ရည်ညံ့ဖျင်းခြင်း၏ အကြောင်းရင်းတစ်ခုဖြစ် ကြောင်း ထောက်ပြခဲ့သည်။

      ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ချိန်မှစ၍ ဥရောပရှိ ယူရိုငွေကြေးအသုံးပြုသော စီးပွားရေး အားလုံးအနက် ဂျာမနီသည် တိုးတက်မှုအဆင့် အနိမ့်ဆုံးတွင်ရှိခဲ့ကြောင်းကို မှတ်တမ်း တင်ခဲ့ပြီး ဖြစ်သည်ဟု စီးပွားရေးပညာရှင်(၅)ဦးကရှင်းပြခဲ့သည်။ စွမ်းအင်အကျပ်အတည်းသည် စီးပွားရေးအပေါ် သက်ရောက်မှုများရှိခဲ့သဖြင့် ယင်းကိုတွန်းလှန်ရန်နှင့် လိုအပ်သောစွမ်းအင် ရရှိလာစေရန် ကျယ်ပြန့်သော စီးပွားရေးမူဝါဒဆိုင်ရာ အစီအမံများကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး ကျဆင်းမှုကြီးမားစွာမဖြစ်စေရန် တားဆီးနိုင်ခဲ့သည်ဟု ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။

        ဂျာမနီတွင် စိတ်ပျက်ဖွယ်ကောင်းသောရလဒ်ကို ထွက်ပေါ်လာစေခဲ့သည့် အကြောင်း အရင်းများမှာ ပြည်တွင်း၌ ဝယ်လိုအားကျဆင်းလာမှုနှင့် တရုတ်နိုင်ငံကဲ့သို့သော ဈေးကွက်ရရှိ ထားပြီးသား ပြည်ပနိုင်ငံများ၌ပါ ဝယ်လိုအား ကျဆင်းလာမှုတို့ကြောင့်ဖြစ်သည်ဟု ကိုးကားဖော်ပြထားပါသည်။ ကျွမ်းကျင်ပညာရှင်များက ၎င်းတို့အနေဖြင့် အလုပ်သမားရှားပါးနေခြင်းနှင့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေး ပြည့်ဝစွာ မဆောင်ရွက် နိုင်ခြင်းတို့ကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများအပေါ် စိုးရိမ်မှုများရှိနေကြောင်း ထောက်ပြ ခဲ့ကြသည်။ အစိုးရအနေဖြင့် အဆိုပါပြဿနာများဖြေရှင်းရေးအတွက် စီမံဆောင်ရွက်မှုများ မပြုလုပ်ပါက ဂျာမနီ၏ စီးပွားရေးကို နောင်လာမည့် ဆယ်စုနှစ်များစွာအထိ နှောင့်နှေးသွား စေနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

      ဂျာမန်စက်မှုလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာကို လိုက်ပါဆောင်ရွက်ရန် နှေးကွေးနေချိန်တွင် ဂျာမနီရှိ သက်ကြီးရွယ်အိုဦးရေမြင့်မားလာခြင်းသည် လုပ်သားရှားပါးမှုအား ပိုမို ဆိုးရွားစေနိုင်သဖြင့် ဂျာမန်ကုမ္ပဏီများသည် နိုင်ငံတကာ ပြိုင်ဘက်များ၏နောက်တွင် ဆုံးရှုံး နိုင်ခြေများစွာဖြင့် အပြေးအလွှားဆောင်ရွက်နေရမည့် အန္တရာယ်ရှိနိုင်ကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။

   စီးပွားရေးပညာရှင်များက လူအများ အချိန်ပြည့်အလုပ်လုပ်နိုင်ရန် မက်လုံးများပေး၍ ဆွဲဆောင်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်း၊ ရင်းနှီးမြုပ်နှံမှုများ ပိုမိုဆောင်ရွက်ကြခြင်းနှင့် နည်းပညာအသစ်များကို ပိုမိုပွင့်လင်းမြင်သာ မှုရှိစွာဖြင့် လက်ခံကျင့်သုံးခြင်းအစရှိသည်တို့ကို ဆောင်ရွက်ကြရန်အပြင် အငြိမ်းစားပေးသည့် အသက်အရွယ် အပိုင်းအခြားကို မည်မျှဖြစ်သင့်သည်ဟု သီးခြားအကြံပေးခြင်းမရှိသော်လည်း အငြိမ်းစားယူမည့် အသက်ကို တိုးမြှင့်သင့်သည်ဟု အကြံပြုထားကြောင်းသိရှိရပါသည်။

Source:         https://www.dw.com/en/germanys-economic-sages-predict-weak-recovery-in-2024/a-67346265

ဒေါ်သန္တာစော

စီးပွားရေးသံမှူး၊ ဘာလင်

 

 

Category: International News