အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ဂျပန်ကုမ္ပဏီများမှ အမေရိကန်နိုင်ငံသို့ တင်သွင်းလာမည့် သံမဏိနှင့်အလူမီနီယံအပေါ် ၂၅ ရာခိုင်နှုန်း အကောက်ခွန် ကောက်ခံသွား မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဂျပန်အစိုးရအနေဖြင့် အမေရိကန်အစိုးရကို ထိုသို့ အကောက်ခွန် ကောက်ခံမှုမှ ကင်းလွတ်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း ၁၂-၂-၂၀၂၅ ရက် နေ့ထုတ် The Japan Times သတင်းစာတွင် “Japan asks for exemption from Trump’s steel and aluminum tariffs” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်း၌ ဂျပန်အစိုးရအနေဖြင့် ဂျပန်ကုမ္ပဏီများမှ အမေရိကန်သို့ တင်ပို့ မည့် သံမဏိနှင့်အလူမီနီယံအပေါ် ၂၅ ရာခိုင်နှုန်း အကောက်ခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့် ပြုပေးရန် အမေရိကန်အစိုးရသို့ အမေရိကန်နိုင်ငံရှိ ဂျပန်သံရုံးမှတစ်ဆင့် တောင်းဆိုခဲ့ ကြောင်း ဂျပန်အစိုးရ အဖွဲ့အတွင်းရေးမှူးချုပ် Mr. Yoshimasa Hayashi က ပြောကြားခဲ့ ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်အစိုးရ၏ မူဝါဒများကြောင့် ဂျပန်နိုင်ငံအပေါ် သက်ရောက်လာနိုင်မှု အခြေအနေများ ကို အသေးစိတ်ဆန်းစစ်သွားမည် ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုပေးရန်လည်း တောင်းဆို သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှိဘာက ပြောကြားထားကြောင်း ဖော်ပြထား ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ဂျပန်ကုမ္ပဏီများမှ အမေရိကန်နိုင်ငံသို့ တင်သွင်းလာမည့် သံမဏိနှင့်အလူမီနီယံအပေါ် ၂၅ ရာခိုင်နှုန်း အကောက်ခွန် ကောက်ခံ သွားရန် ၁၀-၂-၂၀၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှစတင်၍ အသက်ဝင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့မည့် ကုန်စည်များအပေါ် အမေရိကန်အစိုးရမှ အကောက်ခွန်ကောက်ခံခြင်းကြောင့် ဂျပန်ကုမ္ပဏီများတွင် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှု များ ဖြစ်ပေါ်လာမည် ဆိုပါက ဂျပန်အစိုးရ၏ Nippon Export and Investment Insurance (NEXI) အစီအစဉ်အရ အာမခံထားရှိသည့် ကုမ္ပဏီများမှ နစ်နာကြေးများ တောင်းဆိုလာ သည့်အခါ ဂျပန်အစိုးရမှ နစ်နာကြေးပေးချေရမည့် ကိစ္စရပ်များလည်း ရှိလာနိုင်မည် ဖြစ် ကြောင်း ဂျပန်စီးပွားရေးဝန်ကြီး Mr. Yoji Muto က ပြောကြားထားကြောင်း ဖော်ပြထားပါ သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် သမ္မတအဖြစ် ပထမအကြိမ် တာဝန် ထမ်းဆောင်ခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သံမဏိနှင့်အလူမီနီယံ အဓိကတင်ပို့နေသည့် ဂျပန် နိုင်ငံအပါအဝင် အခြားသောနိုင်ငံများအပေါ် အကောက်ခွန်များ ကောက်ခံခဲ့ကြောင်း၊ အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့ မည့် သံမဏိများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နှင့် ဂျပန်ကုန်သွယ်မှုပြုလုပ်ရာတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ပိုမိုများပြားပြီး၊ ကုန်သွယ်မှုပိုငွေ ၆၈.၅ ဘီလီယံရှိကြောင်း၊ အမေရိကန်နိုင်ငံနှင့် ဩစတြေးလျ နိုင်ငံကုန်သွယ်မှု ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံမှ ဩစတြေးလျနိုင်ငံသို့ တင်ပို့မှုမှာ များပြားပြီး အမေရိကန်အနေဖြင့် ကုန်သွယ်မှုပိုငွေ ၁၈ ဘီလီယံရှိကြောင်း၊ မက္ကဆီကိုနိုင်ငံအနေဖြင့် သံမဏိကို အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းထက် တင်သွင်းမှုမှာ များပြားသော်လည်း အကောက်ခွန် ကောက်ခံခြင်းမှာမူ မျှတမှုမရှိကြောင်း မက္ကဆီကို စီးပွားရေးဝန်ကြီး Marcelo Ebrard က ပြောကြားထားကြောင်း၊ ထို့အတူ ကနေဒါနိုင်ငံအပေါ် အကောက်ခွန် ကောက်ခံခြင်းသည် လည်း လုံးဝမျှတမှုမရှိကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြောကြားထား ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသို့ သံမဏိတင်ပို့သည့် နိုင်ငံများတွင် ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ဗီယက်နမ်ပြီးပါက ဂျပန်နိုင်ငံသည် ဆဌမမြောက် အများဆုံး တင်ပို့နိုင်ငံ ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ၁.၁၈ သန်းတန် တင်ပို့ခဲ့ကြောင်း အမေရိကန်နိုင်ငံ သံနှင့် သံမဏိအဖွဲ့အစည်း (American Iron and Steel Institute) ၏ ထုတ်ပြန်ချက်အရ သိရှိရ ကြောင်း ဖော်ပြထားပါသည်။
( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Japan Times