International News

ထိုင်းနိုင်ငံ၌ ကာဗွန်အခွန်ကောက်ခံမှုအတွက် အစီအမံများကို ယခုနှစ်အတွင်း စတင်မိတ်ဆက်သွား မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်း

Last Updated:

ထိုင်းနိုင်ငံအစိုးရက ကာဗွန်အခွန်ကောက်ခံမှုအတွက် အစီအမံများကို ယခုနှစ်အတွင်း စတင် မိတ်ဆက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Paopoom Rojanasakul က ပြောကြားခဲ့ပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ကာဗွန်အခွန်နှင့်စပ်လျဉ်းသည့် အစီအမံများကို အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအမံများသည် စီးပွားရေးလုပ်ငန်းများအတွက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် မက်လုံးများဖြစ်ပြီး ပြည်သူများသို့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေပါကြောင်း၊ ဥပမာအားဖြင့် လောင်စာဆီအမျိုးအစားအားလုံး၏ လောင်ကျွမ်းမှုသည် လေထုထဲတွင် ကာဗွန်ထုတ် လွှတ်မှုကို ဖြစ်စေပါကြောင်း၊ ကာဗွန်အခွန်စတင်ကောက်ခံမည်ဆိုပါက လက်ရှိ ယစ်မျိုးအခွန်သည် ၁ လီတာလျှင် ၆ ဘတ်အတိုင်း ရှိနေမည်ဖြစ်ပြီး ယစ်မျိုးအခွန်ဦးစီးဌာနအနေဖြင့် အခွန်ဝန်ထုပ်ဝန်ပိုးကို ယစ်မျိုးအခွန်အတွက် ၅ ဘတ်နှင့် ကာဗွန်အခွန်အတွက် ၁ ဘတ် အဖြစ် ခွဲခြမ်း လိုက်မည်ဖြစ်ကြောင်း၊ ယင်းအခွန်ပုံစံအောက်တွင် လောင်စာအသုံးပြုသူများသည် ထပ်တိုးအခွန် ဝန်ထုပ်ဝန်ပိုး ခံစားရမည် မဟုတ်သော်လည်း ဆီကုမ္ပဏီများတွင် ၎င်းတို့၏ ကာဗွန်ထုတ်လွှတ်မှုကို မည်ကဲ့သို့ ကောင်းမွန်စွာ စီမံခန့်ခွဲသည့်ပေါ် မူတည်၍ အခွန်ဝန်ထုပ်ဝန်ပိုး မြင့်တက်စေခြင်း၊ လျော့နည်းစေခြင်း သို့မဟုတ် မူလ နှုန်းထားအတိုင်း ဖြစ်စေမည်ဖြစ်ကြောင်း၊ များများလျှော့ချနိုင်လေလေ အခွန်ဝန်ထုပ်ဝန်ပိုး လျော့နည်း လေ ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

လုပ်ငန်းများမှ ကာဗွန်ထုတ်လွှတ်မှု တန်ချိန်ပေါ်မူတည်၍ ကုန်ကျစရိတ်ရှိမည်ဖြစ်ကြောင်း၊ ကာဗွန် ထုတ်လွှတ်မှု ၁ ယူနစ်ကို ကာဗွန်အခွန်ဖြင့် မြှောက်မည်ဖြစ်ကြောင်း၊ ကာဗွန်အခွန်သည် လုပ်ငန်းရှင်များကို ကာဗွန်လျှော့ချရန် ဆွဲဆောင်ပါကြောင်း၊ ယစ်မျိုးအခွန်ဦးစီးဌာနသည် ဘတ္တရီများအတွက် ယစ်မျိုးအခွန် ပုံစံကို လက်ရှိ ပုံသေနှုန်းထား ၈ ရာခိုင်နှုန်းမှ Tiered စနစ်ပုံစံသို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုများသည့် ဘတ္တရီများအတွက် အခွန်နှုန်းထားမြင့်မည်ဖြစ်ပြီး ထုတ်လွှတ်မှုနည်းပါက နည်းမည်ဖြစ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု သိသိသာသာလျှော့ချနိုင်သော လုပ်ငန်းများအနေဖြင့် အခွန်ပြန်လည်သည့်စနစ်မှ အခွန်ပြန်အမ်းငွေ ရရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ကာဗွန်ထုတ်လွှတ်မှု လက်ရှိအဆင့်မှ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်မှသာ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမည်ဖြစ်ကြောင်း၊ လက်ရှိအတိုင်းသာ ဆက်လက်သွားနေမည်ဆိုပါက ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်ကို မပြည့်မီ နိုင်ပါကြောင်း၊ ကမ္ဘာကြီးသည် ထုတ်ကုန်များကို သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုအဖြစ် သတ်မှတ်နေသော အစိမ်းရောင် စံနှုန်းများဆီသို့ ဦးတည်ရွေ့လျားနေပါကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။

ကုန်သွယ်မှုအတားအဆီးများသည် နှစ်စဉ် ၁၆ ရာခိုင်နှုန်း တိုးတက်လာလျက်ရှိသဖြင့် ယခုတွင် ၁၈,၀၀၀ ထက်များနေပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ပို့ကုန်၏ ၇ ရာခိုင်နှုန်းသာ ပတ်ဝန်းကျင်နှင့် သဟ ဇာတဖြစ်ပြီး စုစုပေါင်းစွမ်းအင် အသုံးပြုမှု၏ ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းသာ သန့်ရှင်းသော စွမ်းအင် သုံးစွဲမှုဖြစ်ပါကြောင်း၊ သန့်ရှင်းသောစွမ်းအင် ၁၉ ရာခိုင်နှုန်းအသုံးပြုလျက်ရှိသည့် အိမ်နီးချင်း ဗီယက် နမ်နိုင်ငံနှင့်နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)       

Source: www.bangkokpost.com   

 

 

Category: International News