International News

တရုတ်နိုင်ငံ၏မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အပေါ်ခြိမ်းခြောက်လျက်ရှိကြောင်း သမ္မတဂျိုးဘိုင်ဒင်ပြောကြား

Last Updated:

  တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၂၉-၂-၂၀၂၄ ရက်နေ့၌ “Chinese Automakers Pose U.S. National – Security Threat, Biden Says” ခေါင်းစဉ်ဖြင့် ဖော်ပြထားချက်အရ သိရှိရပါသည်။

   သမ္မတဂျိုးဘိုင်ဒင်သည် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား မော်တော်ယာဉ် များ တွင် အသုံးပြုထားသည့် နိုင်ငံခြားထုတ်ဆော့ဖ်ဝဲလ်များကိုစစ်ဆေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ ဤသို့ စစ်ဆေးရန်ညွှန်ကြားချက်သည် တရုတ်နိုင်ငံ၏နည်းပညာများအနေဖြင့် အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှုရှိနိုင်သည်ဆိုသည့် အကြောင်းပြချက်ကြောင့် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်ကို လွှမ်းမိုးရန်ကြိုးပမ်းခြင်းသည် အမေရိကန် နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု သမ္မတကပြောကြားခဲ့ပါကြောင်း၊ မော်တော်ယာဉ်များကို ချိတ်ဆက်အသုံးပြုခြင်းဖြင့် အမေရိကန်နိုင်ငံသားများ၏ အချက်အလက်များနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ အချက်အလက်များကို ရရှိနိုင်ကာ တရုတ်နိုင်ငံဖက်သို့ ပြန်ပို့နိုင်ပြီး ယင်းအချက်အလက်များကို အသုံးပြုကာမော်တော်ယာဉ်များကို အဝေးမှထိန်းချုပ်နိုင်ကြောင်း၊ စုံစမ်းစစ်ဆေးမှုကြောင့် မော်တော်ယာဉ်များတွင်အသုံးပြုသည့် အစိတ်အပိုင်းအချို့ကို အသုံးပြုရာတွင် တားမြစ်ချက်များ ရှိလာနိုင်ကြောင်း၊ အဆိုပါစစ်ဆေးမှုကြောင့် မော်တော်ယာဉ် လုပ်ငန်းများအကြားတွင် စိုးရိမ်မှုများရှိလာခဲ့ပြီး တရုတ်နိုင်ငံမှ မော်တော်ယာဉ်ထုတ်လုပ် သူများအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်များ (Electric Vehicles – EVs) ကို ကမ္ဘာ့ဈေးကွက်သို့ လျှော့ဈေးဖြင့် တင်ပို့ကြမည်ကိုလည်း စိုးရိမ်လျက်ရှိကြကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိတွင် တရုတ်နိုင်ငံ၌တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို မော်တော်ယာဉ် သွင်းကုန်များအပေါ်ကောက်ခံသည့် အခွန်နှုန်း (၂.၅) ရာခိုင်နှုန်းအပြင် (၂၅) ရာခိုင်နှုန်း ထပ်တိုး ကောက်ခံခဲ့ပြီး လျှပ်စစ်မော်တော်ယာဉ်အပါအဝင် တရုတ်နိုင်ငံထုတ်ကုန်စည်များကို အကောက်ခွန်နှုန်းတိုးမြှင့်သွားရန် သမ္မတဂျိုးဘိုင်ဒင်အစိုးရက ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခင်ရက်သတ္တပတ်အတွင်း သမ္မတအိမ်ဖြူတော်က အမျိုးသားလုံခြုံရေးကိုသက်ရောက်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကြောင့် နည်းပညာမြင့်ဆော့ဖ်ဝဲလ်များကိုအသုံးပြုထားသည့် တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ထားသောကရိန်းများကို အစားထိုးရန် အမေရိကန်ဒေါ်လာ ဘီလီယံ (၂၀) ရင်းနှီးမြှုပ်နှံသွားမည် ဟု ကြေညာခဲ့ပါကြောင်း သိရှိရပါသည်။

  နည်းပညာမြင့်မော်တော်ယာဉ်များသည် ယာဉ်ပါဘီးများကို ကွန်ပျူတာနှင့်ချိတ်ဆက်ထားပြီး ဆင်ဆာ(Sensors) ၊ အက်ပလီကေးရှင်း (Apps) နှင့် ကင်မရာများအသုံးပြုကာ အချက်အလက်များစွာကို စုဆောင်းလျက်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံတွင် အသုံးပြုရန်ရောင်းချသည့် မော်တော်ယာဉ်များရှိ ဆော့ဖ်ဝဲလ်များနှင့် Operating systems များသည် အမေရိကန် (သို့မဟုတ်) ဥရောပနိုင်ငံများတွင် အခြေခံပြီး တရုတ်နိုင်ငံတွင် အခြေခံခြင်းမဟုတ်ဟု Guidehouse Insights အဖွဲ့မှ လေ့လာဆန်းစစ်သူ  Mr. Sam Abuelsamid က ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံတွင် ရောင်းချသည့်မော်တော်ယာဉ်များရှိ ဆင်ဆာ (Sensors) ၊ ကင်မရာ နှင့် Microcontrollers များကို Bosch နှင့် Harman တို့ကဲ့သို့သော ကုမ္ပဏီ များက ထုတ်လုပ်ခြင်းဖြစ်ပါကြောင်းသိရှိရပါသည်။

   သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် အမေရိကန်နိုင်ငံ၏မော်တော်ယာဉ်လုပ်ငန်းများ တရုတ်နိုင်ငံအပေါ် မှီခိုမှုကိုလျှော့ချရန် လျှပ်စစ်မော်တော်ယာဉ် ရောင်းချမှုအပေါ် Tax credits ပေးခြင်းနှင့် တရုတ်မော်တော် ယာဉ်ထုတ်လုပ်သူများထံမှ ဝယ်ယူခြင်းမပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ကုမ္ပဏီဖြစ်သည့် BYD အနေဖြင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန် အကောက်ခွန်နှုန်းကြောင့် ကန့်သတ်ချက်များရှိသဖြင့် မြောက်အမေရိကန်နိုင်ငံများသို့ ဝင်ရောက်နိုင်ရေး ကို ဦးတည်ကြိုးပမ်းလျက်ရှိပါကြောင်း သိရှိရပါသည်။

    အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း ၂၉-၂-၂၀၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍ၏ အမျိုးသားလုံခြုံရေးအပေါ် အန္တရာယ်ရှိနိုင်ကြောင်းနှင့်ပတ်သက်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သလို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စက်မှုနှင့်လုံခြုံရေးဗျူရို (Bureau of Industry and Security) ကလည်း အဆင့်မြင့်နည်းပညာဖြင့် ချိတ်ဆက်အသုံးပြုသည့် မော်တော်ယာဉ်များနှင့်ပတ်သက်သော သတင်းအချက်အလက်နည်းပညာနှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး လုံခြုံမှုရှိစေရေး (Securing the Information and Communications Technology and Services Supply Chain: Connected Vehicles) အသိပေးကြေညာချက်ကိုလည်း ယင်းနေ့ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

 

 

 

 

Category: International News