International News

ဗီယက်နမ်နိုင်ငံ အထည်ချုပ်ကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန် မျှော်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံ အထည်ချုပ်နှင့် အထည်အလိပ်ကဏ္ဍသည် ယခုနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံအထိ ရရှိရန်နှင့် တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားရန်ရည်မှန်းထားကြောင်း သိရှိရပါသည်။ ဗီယက်နမ် အထည်အလိပ်နှင့် ချည်ထည်များအသင်း (VITAS) ၏အဆိုအရ ပြီးခဲ့သည့်နှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၃၉.၅ ဘီလီယံ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

VITAS ဥက္ကဋ္ဌဖြစ်သူ Vu Duc Giang က ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်နှင့် အထည်ချုပ် ထုတ်ကုန်များကို နိုင်ငံနှင့် နယ်မြေပေါင်း ၁၀၄ ခု သို့ စံချိန်တင် အရေအတွက်အဖြစ် တင်ပို့နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် သိသာထင်ရှားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပြီး ၎င်းတို့အနေဖြင့် ပို့ကုန်အမျိုးအစားကွဲပြားစေရန် ပို့ကုန်၃၆ မျိုးကို ကြိုးပမ်းတင်ပို့ခဲ့ကြကြောင်း သိရှိရပါသည်။

ဗီယက်နမ်အထည်ချုပ်နှင့် အထည်အလိပ်၏ အဓိကတင်ပို့သည့် စျေးကွက်များမှာ အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂ (အီးယူ)၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး အာဖရိကနှင့် ရုရှားကဲ့သို့သော စျေးကွက်သစ်အချို့လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

VITAS ဒုဥက္ကဌ ဖြစ်သူ Truong Van Cam မှ ၂၀၂၄ တွင် ထုတ်လုပ်သူ၏တာဝန်ယူမှု (EPR)၊ ဥရောပသမ္မဂ၏ ကာဗွန်နယ်နိမိတ်ချိန်ညှိမှု ယန္တရား (CBAM) ကဲ့သို့သော လုပ်ငန်းနယ်ပယ်သစ်များအတွက် စိန်ခေါ်မှုများရှိနေသကဲ့သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် မြန်ဆန်စွာ ထုတ်လုပ်နိုင်သည့် ယနေ့ခေတ် “Fast Fashion” များကို ဦးစားပေးရမည့်အစား ရေရှည်တည်တံ့သောဖက်ရှင် “Sustainable Fashion” သို့ ပြောင်းလဲထုတ်လုပ်ရန်အတွက် အာရုံစိုက်ရန် လိုအပ်ကြောင်း ပြောကြားပါသည်။ အဆိုပါ ရည်မှန်းချက်ကို အောင်မြင်စေရန်အတွက် စားသုံးသူများ၊ ဈေးကွက်နှင့် ထုတ်ကုန်များကို ကွဲပြားစေခြင်း၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သဟ ဇာတဖြစ်သည့် အလေ့အကျင့်ကောင်းများကို ကျင့်သုံးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

အထည်ချုပ်ကဏ္ဍ၏ ၂၀၂၄ ခုနှစ်အတွက် ပို့ကုန်ဒေါ်လာ ၄၄ ဘီလီယံအထိ ရည်မှန်းချက်သည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထည်အလိပ်ကဏ္ဍ၏ အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိမှုနှင့် စိန်ခေါ်မှုများအတွက် ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ဆောင်ရွက်နေမှုအခြေအနေများအားလေ့လာတင်ပြရပါသည်။

 

Source: Vietnam Plus

(စီးပွား‌ရေးသံမှူး၊ဗီယက်နမ်)

Category: International News