International News

အလုပ်အကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အရေးပါသည့် MSME များကို ပံ့ပိုးရန် ဖိလစ်ပိုင် ရသုံးမှန်းခြေငွေစာရင်းဌာနမှ ဘတ်ဂျက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်အစိုးရမှ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံဖြိုး တိုးတက်စေရန်ရည်ရွယ်ပြီးမူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များအား ဆက်လက်ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဌာနမှ ပြောကြားခဲ့ပါသည်။

MSMEs Development Program အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသို့ အသုံးစရိတ် ပီဆို ၇၈၃ သန်း ခွဲဝေချထားပေးရန် ၂၀၂၄ ခုနှစ် National Expenditure Program (NEP) သို့ အဆိုပြုတင်ပြထားကြောင်း ဖိလစ်ပိုင် ရသုံး မှန်းခြေငွေစာရင်းဌာနဝန်ကြီး Maenah F. Pangandaman မှ ပြောကြားခဲ့ပါသည်။

ထို့ပြင် ဈေးကွက်ချဲ့ထွင်ရန် ဒီဂျီတယ်နည်းပညာအား အဆင့်မြှင့်တင်ရေး အတွက်လည်း MSMEs Development Program သို့ ပီဆို သန်း ၁၀၀ ခွဲဝေချထားပေးသွားမည်ဖြစ်ကြောင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေကြောင်း ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

သမ္မတမားကို့စ်၏လမ်းညွှန်ချက်နှင့်အညီ MSMEs ကို အဓိကထား၍ ဆန်းသစ်တီထွင်နိုင်စွမ်းရှိစေရန်၊ ပြိုင်ဆိုင်မှုအားပိုမိုကောင်းမွန်စေရန် မြှင့်တင်ဆောင်ရွက်သွားခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်သွားနိုင်ရေး ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

အစိုးရအနေဖြင့် စွန့်ဦးတီထွင်လုပ်ကိုင်နိုင်သည့် အရင်းအမြစ်များအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းများတွင်လည်း အစိုးရမှ ရင်းနှီးမြှုပ်နှံသွား မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင်  Shared Facilities Project အတွက် ပီဆို ၅၇၉ သန်း ချထားပေးခဲ့စဉ် အတွင်းမှာပင် Negosyo Center ထူထောင်ရန်အတွက် ပီဆို ၄၅၄ သန်း အဆိုပြုတင်ပြထားခဲ့ကြောင်း၊ Shared Facilities Project မှ MSMEs များတွင်အသုံးပြုမည့်စက်ပစ္စည်းကိရိယာများ၊ ကွန်ပျုတာစနစ်များနှင့် အခြားလိုအပ်သောကျွမ်းကျင်မှု ဆိုင်ရာများအား မျှဝေသုံးစွဲမည့်စနစ်အောက်မှ ထောက်ပံ့ပေးသွား မည် ဖြစ်ပါသည်။

အဆင့်မြှင့်တင်ထားသည့် One Town, One Product (OTOP) အစီအစဉ်အတွက်လည်း ပီဆို ၇၆ သန်း ခွဲဝေပေးခဲ့ပြီးဖြစ်ပါသည်။ OTOP ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ ဒေသအသီးသီးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အကျိုးကျေးဇူးများ၊ အရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်စေရန်ဖြစ်ပြီး ဒေသထွက် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား မြှင့်တင်ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

မူလရည်ရွယ်ချက်တစ်ခုအနေဖြင့် စွန့်ဦးတီထွင်ဆောင်ရွက်မည့် အသေးစားစီးပွားရေးလုပ်ငန်းများအား အခြားနည်းလမ်းတစ်ခုမှ ဘဏ္ဍာရေးထောက်ပံ့ပေးနိုင်ရန်ဖြစ်ကြောင်း၊ အငယ်စားစီးပွားရေး လုပ်ငန်းများသို့ Pondo sa Pag-Asenso (P3) Program မှ ဘတ်ဂျက် ပီဆို ၁.၅ သန်းအား ဖြန့်ဝေ သွားရန်လည်း ရှိကြောင်း ဖော်ပြပါရှိပါသည်။

သမ္မတမားကို့စ်၏ ဘတ်ဂျက်မိန့်ခွန်းတွင်လည်း MSMEs များအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးကို မည်ကဲ့သို့ ကူညီပေးလျက်ရှိကြောင်းကို ဖော်ပြထားပါသည်။ MSMEs များ၏ တိုင်းပြည်အပေါ် အကျိုးဖြစ်ထွန်းစေသည်ကို အသိအမှတ်ပြုသဖြင့် မားကို့စ်အစိုးရမှ ကပ်ရောဂါဆိုးလွန်မြောက်ပြီး စီးပွားရေးနလန်ပြန်ထူစေရန် လုပ်ဆောင်နေသည့်ကာလတွင် ပိုမိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ထပ်လောင်းပြောကြားခဲ့ပါသည်။

 

 

 

Source; https://mb.com.ph/2023/10/3/dbm-boosts-msme-budget-for-jobs-investments

( စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News