စင်ကာပူနိုင်ငံ၊ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (Health Sciences Authority – HSA) သည် အွန်လိုင်းပလက်ဖောင်းစီမံခန့်ခွဲသူများ (online platform administrators) နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ပြည်တွင်း e-commerce နှင့် လူမှုကွန်ရက်မီဒီယာစင်္ကြံတွင် ရောင်းချလျက်ရှိသည့် တရားမဝင်ကျန်းမာရေးနှင့်ဆိုင်သောထုတ်ကုန်ပစ္စည်း ၃၃၃၆ ခုကို ဖယ်ရှားခဲ့ပြီး ရောင်းချသူများကို သတိပေးချက် ၁၄၇၁ ခု ထုတ်ပြန်ခဲ့ပါသည်။
HSA နှင့် ပြည်တွင်း e-commerce၊ လူမှုကွန်ရက်မီဒီယာစင်္ကြံများနှင့် ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် တရားမဝင်ကျန်းမာရေးထုတ်ကုန်များ ရောင်းချခြင်းကို တားဆီးခြင်းသည် စံချိန်စံညွှန်းမမီသော ထုတ်ကုန်များ၊ ကုန်ပစ္စည်းအတုများကို ပြည်သူအများသုံးစွဲမှုမှ ကာကွယ်ရန် အတွက် HSA ၏ ဆောင်ရွက်ချက်တစ်ခုဖြစ်ပါသည်။ HSA နှင့်ပူးပေါင်းဆောင်ရွက်သည့် ပြည်တွင်း e-commerce၊ လူမှုကွန်ရက်မီဒီယာစင်္ကြံများမှာ Amazon Singapore၊ Carousell၊ Ebay Singapore၊ Facebook၊ Lazada၊ Qoo10၊ Shopee နှင့် Tiktok တို့ ဖြစ်ပါသည်။
ပြည်တွင်း e-commerce၊ လူမှုကွန်ရက်မီဒီယာစင်္ကြံများတွင် မှတ်ပုံတင်ထားခြင်းမရှိသည့်ပါဝင်ပစ္စည်းများ ဖော်ပြထားခြင်းမရှိသော အရည်အသွေးမပြည့်မီသည့် ကျန်းမာရေးဆိုင်ရာထုတ်ကုန်များ (adulterated health products)၊ ဆေးဝါးနှင့် ဆေးပစ္စည်းနှင့်ဆက်စပ် ကိရိယာများ၊ မျက်နှာအလှအပနှင့် အရေပြားအလှအပဆိုင်ရာထုတ်ကုန်များ ရောင်းချခြင်းသည် တရားမဝင်ရောင်းချခြင်းဖြစ်ပါသည်။ ထိုသို့ရောင်းချခြင်းကို HSA အနေဖြင့် အလေးထားစိစစ်သွားမည်ဖြစ်ပြီး ရောင်းချသူများကို ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်လျက်ရှိပါသည်။ အဆိုပါကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များတင်သွင်းရောင်းချသူ မည်သူမဆို တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး အပြစ်ထင်ရှားပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် စင်ကာပူ ဒေါ်လာ ၁၀၀,၀၀၀ သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်လုံး ကျခံရမည်ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အလှကုန်ပစ္စည်းအတု ၁၂၆ မျိုး ရောင်းချမှုဖြင့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ငွေဒဏ် စင်ကာပူဒေါ်လာ ၂၆၆,၅၀၀၊ ဩဂုတ်လတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ကျန်းမာရေးထုတ်ကုန်များရောင်းချမှုဖြင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စင်ကာပူဒေါ်လာ ၁၉,၀၀၀ နှင့် ထောင်ဒဏ် ၂ ပတ်၊ ဖေဖော်ဝါရီလတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် အရေပြားလိမ်းဆေး cream ကို အွန်လိုင်းတွင် ရောင်းချမှုဖြင့် အသက် ၃၀ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စင်ကာပူဒေါ်လာ ၁၈,၀၀၀ စသည်ဖြင့် အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။
HSA နှင့် ပြည်တွင်း e-commerce၊ လူမှုကွန်ယက်မီဒီယာစင်္ကြံများ ပူးပေါင်းဆောင်ရွက်ခြင်းသည် အွန်လိုင်းမှတဆင့် တရားမဝင် ကုန်စည်များရောင်းချမှုကို တားဆီးရာရောက်သကဲ့သို့ ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာမလိုလားအပ်သည့် ဘေးအန္တရာယ်များမဖြစ်စေရန် ကာကွယ်မှုတစ်ခုလည်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းမှတစ်ဆင့် ကုန်စည်ရောင်းချမှုများ အလွန်ရေပန်းစားလျက်ရှိရာ စင်ကာပူနိုင်ငံကဲ့သို့ စိစစ်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်း တရားမဝင်ကုန်စည်များ ရောင်းဝယ် ဖောက်ကားမှုကို တားဆီးနိုင်မည့် နည်းလမ်းတစ်ရပ်ဖြစ်ပါကြောင်း သိရှိရပါသည်။
ရင်းမြစ်။ Health Sciences Authority
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့