International News

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှု ၁၉ ဆတိုးလာ

Last Updated:

ဗီယက်နမ်နိုင်ငံ၊ အကောက်ခွန်ဌာန၏ စာရင်းများအရ ယခုနှစ်ပထမနှစ်ဝက်တွင် ဒူးရင်း တင်ပို့မှုသည် ၁၉ ဆ တိုးမြင့်လာပြီး အမေရိကန်ဒေါ်လာ ၈၇၆ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ တင်ပို့မှုများအနက် တရုတ်နိုင်ငံတည်းကပင် ဒေါ်လာ ၈၃၅ သန်းရရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Dang Phcu Nguyen ၏ ပြောကြားချက်အရ ဒူးရင်းကို တောင်ပိုင်းပြည်နယ်များတွင် မေလမှ ဇွန်လအတွင်းဆွတ်ခူးပြီး အလယ်ပိုင်းကုန်းမြင့်များတွင် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ဆွတ်ခူးကြောင်း သိရှိရပါသည်။

ထို့ပြင် ဗီယက်နမ်အစိုးရအနေဖြင့် ဒေသအတွင်းသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေမည့် သဘောတူညီချက်များနှင့် လွတ်လပ်စွာကူးသန်းရောင်းဝယ်ရေးသဘောတူစာချုပ် အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဗီယက်နမ်ဒူးရင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်၊ ပထမနှစ်ဝက်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆၀ ရာခိုင်နှုန်းတိုးမြှင့်လာကြောင်း သိရှိရပါသည်။ မကြာသေးမီက ဒူးရင်းများကို တရုတ်ကုမ္ပဏီများနှင့် ကုန်သည်များက ဈေးကြီးပေး၍ဝယ်ခဲ့ကြပါကြောင်း သိရှိပါသည်။ ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရေးမှာ အချိန်တိုတောင်းသဖြင့် လတ်ဆတ်ပြီး အရည်အသွေးများ ကောင်းသဖြင့် ထိုင်းပို့ကုန်များထက် ပို၍အလားအလာကောင်းမွန်ကြောင်း သိရှိရပါသည်။

ပထမတန်းစား ဒူးရင်း တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၅,၀၀၀-၁၀၀,၀၀၀ (အမေရိ ကန်ဒေါ်လာ ၃.၅၉-၄.၂၂) ဖြင့် ဒူးရင်းခြံများတွင် ရောင်းချပြီး အရည်အသွေးလည်း ပိုမိုမြင့်မားကြောင်း သိရှိသည်။ ပြည်တွင်းဝယ်လိုအားသည် ပထမနှစ်ဝက်တွင် ၁၀-၁၅ ရာခိုင်နှုန်းတက်ခဲ့သည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒူးရင်းစိုက်ဧကမှာ ယခု ၁၁၀,၃၀၀ ဟက်တာတွင် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၇,၀၀၀ ဟက်တာသာ ရှိကြောင်းသိရသည်။ ယခုနှစ်အထွက်နှုန်းမှာ တန်ချိန် ၁ သန်းခန့်ရှိပြီး ယခင်နှစ်ထက် ၁၅.၉ ရာခိုင်နှုန်း တိုးလာသဖြင့် တန်ချိန် ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသည် တန်ချိန် ၈ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Vietnam Express

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News