International News

နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားများ၏ ငွေလွှဲကိစ္စရပ်များအတွက် ဒီဂျစ်တယ်နည်းလမ်းများ သုံးစွဲနိုင်ရန်မှာ အရေးကြီး

Last Updated:

နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နေသော ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားများ (Overseas Filipino Workers- OFW) ၏ နိုင်ငံခြားဝင်ငွေများအား ၎င်းတို့၏မိသားစုဝင်များသို့ ပေးပို့ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် လွှဲပို့ပေးသည့်ငွေများ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် ဒီဂျစ်တယ်ငွေလွှဲစနစ်မှာ အရေးကြီးကြောင်း ငွေလွှဲလုပ်ငန်းလုပ်ငန်းလုပ်ကိုင်လျက်ရှိသော အင်္ဂလန်နိုင်ငံအခြေစိုက် WorldRemit Group Ltd. မှ ပြောကြားခဲ့ပါသည်။ WorldRemit Group Ltd. သည် ယုံကြည်စိတ်ချရသော၊ အချိန်တိကျစွာဝန်ဆောင်မှုပေးနိုင်သော အွန်လိုင်းစနစ်ဖြင့် ငွေလွှဲပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းသုံးစွဲသူ အများအပြားရှိကြောင်း ဖိလစ်ပိုင် ရုံးခွဲတာဝန်ခံ Earl Melivo မှ ပြောကြားခဲ့ပါသည်။

နေရာဒေသရွှေ့ပြောင်းပြီးလုပ်ကိုင်နေသော ဖိလစ်ပိုင်အလုပ်သမားများမှာသန်းနှင့်ချီရှိပြီးကမ္ဘာနှင့်အဝှမ်းတွင် သွားရောက်လုပ်ကိုင်နေကြသော်လည်း ကပ်ရောဂါများဖြစ်ပွားခဲ့မှုများကြောင့် လျော့နည်းခဲ့ပါကြောင်း၊  သို့သော် ယခုပြန်လည် ကောင်းမွန်လာသည့် အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံများအနေဖြင့် အလုပ်သမားမူဝါဒဆိုင်ရာ ကန့်သတ်ချက်များအား ဖြေလျှော့ပေးနိုင်ပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

လတ်တလောထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများတွင် ဖော်ပြချက်အရ ကုန်းပေါ်တွင် အလုပ်လုပ်ကိုင်သော အလုပ်သမားများအတွက်တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ပိုသည့်ကာလအတွက်ကန်ထရိုက် စာချုပ်၊ ပင်လယ်နှင့် ကုန်းပေါ်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအတွက် တစ်နှစ် အောက် ကန်ထရိုက်စာချုပ်များဖြင့် ငွေလွှဲ ဝန်ဆောင်မှုပေးခြင်းက အကောင်းမွန်ဆုံးနည်းလမ်းဖြစ် ကြောင်း ဖော်ပြထားပါကြောင်း၊ အများဆုံးငွေလွှဲဝင်ရောက်မှုများမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ အမေရိကန်နိုင်ငံမှ ၄၁ %၊ စင်ကာပူနိုင်ငံမှ ၇ %၊ ဆော်ဒီအာရေဘီးယားမှ ၆ % နှင့် ဂျပန်နိုင်ငံမှ ၅%  တို့ အသီးသီးရှိပါကြောင်း သိရှိရပါသည်။  

 ဖိလစ်ပိုင်ဗဟိုဘဏ်၏ ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်၊ ပထမ ၆ လပတ်တွင် ပြည်တွင်း၊ပြည်ပ ငွေလွှဲပမာဏ အမေရိကန်ဒေါ်လာ ၁၇.၀၉ ဘီလီယံရှိရာမှ ၂၀၂၃ ခုနှစ်၊ ပထမ ၆ လပတ်တွင် အမေရိကန်ဒေါ်လာ ၁၇.၅၉ ဘီလီယံ ထိ ရှိခဲ့ပြီး ၃ % မြင့်တက်ခဲ့ပါကြောင်း၊ ပြည်ပငွေလွှဲပမာဏ အနေဖြင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃.၃၅ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅.၇၉ ဘီလီယံထိ ရှိပြီး ၃ % မြင့်တက်ခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသောဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားများ၏ ဘဏ်များမှတစ်ဆင့် တရားဝင်ငွေလွှဲပို့မှုမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အမြင့်ဆုံးအနေဖြင့် အမေရိကန် ဒေါ်လာ ၃.၁၆ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လတစ်လတည်း အမေရိကန်ဒေါ်လာ ၂.၈၁ ဘီလီယံထိ ရှိခဲ့ပါသည်။ ဖိလစ်ပိုင်ဗဟိုဘဏ်၏ ကိန်း ဂဏန်းအချက်အလက်များအရ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ငွေလွှဲပေးပို့ခြင်းအပါအဝင် လူပုဂ္ဂိုလ် တစ်ဦးချင်းမှ ငွေလွှဲပေးပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၃.၁၃ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃.၀၆ ဘီလီယံရှိခဲ့သည့်အတွက် ၂.၂ % မြင့်တက်ခဲ့ပါ ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင် အလုပ်သမားဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့တို့၏ အချက်အလက်များအရ အဓိကနိုင်ငံကြီးများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားအရေအတွက်မှာ ၂၀၂၂ ခုနှစ်တွင် ၁.၈ သန်းနှင့်အထက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမား ဆုံး ဘဏ္ဍာရေးထည့်ဝင်မှုရှိသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

 

Source; https://businessmirror.com.ph/2023/08/31/digitalization-important-to-labor-export-worldremit/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

         

Category: International News