International News

ကမ္ဘာ့စီးပွားရေးကိုလှုပ်ခတ်စေနိုင်သည့် BRICS ကြီးထွားလာမှု

Last Updated:

ကမ္ဘာ့စီးပွားရေးကို လှုပ်ခတ်စေနိုင်သည့် BRICS (Brazil, Russia, India, China and South Africa) အဖွဲ့ ကြီးထွားလာကြောင်းကို ၂၉-၈-၂၀၂၃ ရက်တွင် Euronews အွန်လိုင်းသတင်းတွင် “How the BRICS expansion could shake up the world economy” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။  

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ပါဝင်သည့် နိုင်ငံ (၆) နိုင်ငံအဖွဲ့ BRICS သည် ကမ္ဘာ့စီးပွားရေးစင်မြင့်တွင် အနောက်ကမ္ဘာ့နိုင်ငံများမှ ၎င်းတို့၏တည်ရှိမှုကို အလေးထားသိရှိစေရန် ရည်ရွယ်၍ဖွဲ့စည်းခဲ့ကြပြီး  အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့ရည်မှန်းသည့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်သို့ရောက်ရှိရေး ဆောင်ရွက်ရာတွင် BRICS အဖွဲ့၏ အကျိုး သက်ရောက်မှုများကို ခံစားရနိုင်ပါကြောင်း၊ အီရန်၊ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုပီးယား တို့ BRICS အဖွဲ့သို့ဝင်ရောက်ရန် လျှောက်ထား ချက်အပေါ် ၂၂-၈-၂၀၂၃ ရက်နေ့တွင် တောင်အာဖရိက၌ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် BRICS ထိပ်သီးအစည်း အဝေးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၌ ယင်းနိုင်ငံများအား အဖွဲ့ဝင်အဖြစ်လက်ခံရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် BRICS ဥက္ကဋ္ဌ တာဝန်ယူသည့် တောင်အာဖရိက နိုင်ငံ၏ ထုတ်ပြန်ချက်အရ နောက်ထပ် နိုင်ငံပေါင်း (၄၀) ကျော်သည်လည်း BRICS အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုရှိကြောင်း၊ လွန်ခဲ့သည့် (၁၈) လ အတွင်း တရုတ်နှင့် ရုရှားနိုင်ငံတို့အပေါ် အနောက် နိုင်ငံများ၏ စီးပွားရေးကန့်သတ်ပိတ်ဆို့မှုမှာ တွန်းအားတစ်ခုဖြစ်ပြီး နှစ်နိုင်ငံလုံးအနေဖြင့် အနောက်နိုင်ငံများအပေါ် စီးပွားရေးအရ အလွန်အကျွံ မှီခိုမှုကို လျော့ချရန် ကြိုပမ်းလျက် ရှိကြပါကြောင်း၊ ၂၀၀၁ ခုနှစ်တွင် BRICS အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာသည်အထိ ထိရောက်သည့် ပူးပေါင်းမှု (သို့မဟုတ်) ညှိနှိုင်းဆောင်ရွက်မှုများ မပြုလုပ်နိုင်ခဲ့သဖြင့် အနောက်နိုင်ငံများအတွက် ခေါင်းခဲစရာကိစ္စရပ်မဟုတ်သည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေးအပေါ်လည်း သက်ရောက်မှုများ မရှိခဲ့ပါကြောင်း၊ New Development Bank (NDB) ကိုပူးပေါင်း၍ တည်ထောင်ခဲ့ပြီး ယင်းဘဏ်၏ရည်ရွယ်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေးအကျိုးစီးပွားနှင့် ထုတ်လုပ်မှုစံနှုန်းများတွင် ကွဲလွဲမှုများရှိသဖြင့် ကမ္ဘာ့စီးပွားရေးစင်မြင့်တွင် ထိပ်ပိုင်းသို့ရောက်ရန် မဖြစ်နိုင်သေးကြောင်း၊ ဂျီ-၇ အဖွဲ့ဝင် နိုင်ငံများ ကလည်း အဖွဲ့၏လိုလားချက်နှင့် အကျိုးစီးပွားကို စဉ်းစားရန်မသင့်ဟု ပယ်ချခဲ့သည်များရှိသဖြင့် BRICS သည်လည်း ထိုသို့ကွဲပြားမှု ရှိနေခြင်းဖြစ်သည်ဟု ငြင်းချက်ထုတ်နိုင်ပါကြောင်း၊ ယခုအချိန်ကာလတွင် စီးပွားရေးဆက်ဆံမှုများ အပေါ် ပထဝီနိုင်ငံရေး၏ သက်ရောက်မှုတဖြည်းဖြည်းတိုးလာသည်ကို တွေ့ရှိရ ပါကြောင်း ဖော်ပြထားပါသည်။

 လက်ရှိ BRICS အဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ (၄၂) ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ဂျီဒီပီ (GDP) အမေရိကန် ဒေါ်လာ(၂၇) ထရီလီယံရှိပါကြောင်း၊ အသစ်ဝင်ရောက်လာမည့်အဖွဲ့ဝင်များကို ထည့်ပေါင်းပါက ကမ္ဘာ့လူဦးရေ၏ (၄၆.၅) ရာခိုင်နှုန်းကို ကိုယ်စားပြုမည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) အချက်အလက်များအရ သိရှိရပါကြောင်း၊ ကမ္ဘာ့ဂျီဒီပီ အမေရိကန်ဒေါ်လာ ထရီလီယံ (၁၀၀) တွင် အဖွဲ့ဝင်နိုင်ငံများ၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ (၃၀.၈) ထရီလီယံကို ကိုယ်စားပြုမည် ဖြစ်ပါကြောင်း၊ ထပ်တိုးအဖွဲ့ဝင်များပါ ထည့်သွင်းပါက တစ်ဦးချင်းဝယ်လိုအား (Purchasing Power Parity – PPP) အပေါ် အခြေခံတိုင်းတာသည့် အဖွဲ့၏ ဂျီဒီပီသည် ကမ္ဘာ့ဂျီဒီပီ၏ (၃၆)ရာခိုင်နှုန်းရှိသဖြင့် ဂျီ-၇ ကို ကျော်လွန်ခဲ့ပြီး ဖြစ်ပါကြောင်းတွေ့ရှိရပါသည်။

BRICS အဖွဲ့အားနောက်ထပ်ချန်မထားနိုင်သည့် အကြောင်းရင်းတစ်ခုမှာ အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ (၄၅) ရာခိုင်နှုန်း နှင့် သံသတ္တုရိုင်း၊ ကျောက်မီးသွေးနှင့် ဘောက်ဆိုက်သတ္တု (Bauxite)အများစုကို ပိုင်ဆိုင်ကြပြီး ကမ္ဘာ့စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍတွင်လည်း အဓိကအရေးပါသည့် အခန်းတွင် ပါဝင်ပါကြောင်း၊ ဂျီ-၇ နိုင်ငံများအနေဖြင့် ကုန်သွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွင် ယင်းအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဤသို့သော အခြေအနေများကြောင့် အင်အားကြီးနိုင်ငံများပါဝင်သည့်အဖွဲ့က အသစ် ဖွဲ့စည်းသည့်အဖွဲ့ကို လျစ်လျူရှု၍ မရတော့ပါကြောင်း၊ ဆော်ဒီအာရေဗျ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုကဲ့သို့သော နိုင်ငံများ၏ ဦးစားပေးမှာ ဂျီ-၇နိုင်ငံများကဲ့သို့ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

BRICS နှင့် ပတ်သက်၍ ဘုံငွေကြေးအသုံးပြုမည့်စနစ်တစ်ခု ဖော်ဆောင်မှု လုပ်ဆောင်နေခြင်း ရှိ မရှိ မေးခွန်းမေးမြန်းမှုများရှိကြောင်း၊ ယင်းသို့ဆောင်ရွက်မှုသည် ရှုပ်ထွေးပြီး အဖြေမရှာနိုင်သည့် ပြဿနာ (Gordian knot) တစ်ခုဖြစ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကွဲပြားမှုနည်းပြီး နိုင်ငံအချင်းချင်း ဝေးကွာမှုမရှိသည့် ဥရောပသမဂ္ဂတွင် ယူရိုငွေကြေးအသုံးပြုရန် ဆယ်စုနှစ်များစွာ ကြာခဲ့ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြင့်ပြီး နှစ်နိုင်ငံငွေကြေးဖြင့် ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေခြင်းသည် ပို၍ အလားအလာများစွာရှိပါကြောင်း၊ တရုတ်နှင့် ရုရှားတို့၏ ဗဟိုဘဏ်များသည် နှစ်နိုင်ငံငွေကြေးကို အသုံးပြုသည့်စနစ်တစ်ခုတည်ထောင်ရန် နှစ်ပေါင်းများစွာအချိန်ယူခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနှင့် တရုတ်တို့ကြား ကုန်သွယ်မှု၏ ၈၀% ကို ရုရှားရူဘယ် သို့မဟုတ် တရုတ်ယွမ်ဖြင့် ငွေချေနိုင်ကြောင်း မကြာသေးမီက ပြောကြားခဲ့ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း ယင်းသို့ အသုံးပြု ခြင်းသည် အန္တရာယ်များစွာရှိပါကြောင်း၊ ဥပမာအားဖြင့် ရုရှားသည် အိန္ဒိယသို့ ရေနံအမြောက်အများ ရောင်းချပြီးနောက် ရူပီးငွေကို ပြောင်းလဲမရခြင်းကြောင့် ရူပီးငွေအများအပြား အိန္ဒိယဘဏ်များတွင် ပိတ်မိနေသည်များရှိ ပါကြောင်း ဖော်ပြထားပါသည်။

BRICS သို့အဖွဲ့ဝင်အဖြစ်လျှောက်ထားသည့် နိုင်ငံများတွင် ကာဇက်စတန်နှင့် ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံများပါဝင်မည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်အဖြစ်စံနှုန်းများမှာ ဝင်ရောက်မည့်နိုင်ငံ၏ အဖွဲ့သို့ဝင်ရောက်လိုသည့်ဆန္ဒရှိမှုကို ဦးစားပေးခြင်းဖြစ်ပြီး အဖွဲ့ဝင်အသစ်များ ရွေးချယ်ရာတွင် ကွဲပြားပြီး နိုင်ငံအရွယ်အစား အပေါ်မူတည်သည်ဟု ယူဆရပါကြောင်း၊ ထို့ကြောင့် အင်ဒိုနီးရှာနိုင်ငံမှာ ပစ်မှတ်တစ်ခု ဖြစ်နိုင်ပါကြောင်း၊ ရုရှားသမ္မတသည် ယခုနှစ်ထိပ်သီးအစည်းအဝေးသို့ မတက်ရောက် နိုင်သဖြင့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးကို  Kazan မြို့တွင် ကျင်းပရန် အစီအစဉ်ရှိသည်ဟု ကြေညာခဲ့ပါကြောင်းဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

 

 

Source: https://www.euronews.com/2023/08/29/how-the-brics-expansion-could-shake-up-the-world-economy

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News