International News

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းမွန်လာကြောင်း IMF ထုတ်ပြန်

Last Updated:

ကိုဗစ်ကပ်ရောဂါအပြီးတွင် ဈေးကွက်ပြန်လည်ဖွင့်လှစ်ပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေးသည် အစိုးရအာဏာပိုင်များ ရည်မှန်းထားသည့်အတိုင်း GDP တိုးတက်မှု (၅) ရာခိုင်နှုန်းဝန်းကျင်ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၏ အမှုဆောင်ဘုတ်အဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

IMF သည် တရုတ်စီးပွားရေးနှင့် ပတ်သက်သော နှစ်စဉ်သုံးသပ်ချက်ကို ပြုလုပ်ပြီးနောက် မကြာသေးမီက သတင်းထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

IMF ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ပြည်တွင်းဝယ်လိုအား အထူးသဖြင့် ပုဂ္ဂလိကသုံးစွဲမှုမှ အဓိကတွန်းအားပေးခဲ့ခြင်းဖြစ်ပြီး ငွေကြေးမူဝါဒကို ဖြေလျှော့ပေးခြင်း၊ လုပ်ငန်းများနှင့် အိမ်ထောင်စုများအတွက် အခွန်သက်သာ ခွင့်နှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ဘဏ္ဍာရေးအသုံးစရိတ်များ အပါအဝင် အထောက်အပံ့ဖြစ်စေသည့် မက်ခရိုစီးပွားရေးမူဝါဒများဖြင့် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးနှုန်းများ ကျဆင်းမှုကြောင့် ၂၀၂၃ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု ကျဆင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု (၁.၃) ရာခိုင်နှုန်းအထိ တဖြည်းဖြည်းတိုးလာမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရှိရပါသည်။

အိမ်ခြံမြေကဏ္ဍတွင် အရှိန်အဟုန်ဖြင့် ပြန်လည်ဖွဲ့စည်းခြင်း အပါအဝင် ပြတ်သားသည့် မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွင် ယုံကြည်မှုကို မြှင့်တင်နိုင်ခဲ့ပြီး မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော ပြန်လည်ဦးမော့လာမှုကို ဖြစ်ပေါ်စေခဲ့သည် ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

IMF မှ အဖွဲ့တစ်ဖွဲ့သည် နှစ်စဉ်သုံးသပ်ချက်အတွက် ညှိနှိုင်းဆွေးနွေးမှုကို ဆောင်ရွက်ရန် တရုတ်နိုင်ငံသို့ အောက်တိုဘာလ (၂၆) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အထိ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာနှင့် စွန့်စားမှုများ၊ ပြုပြင်ပြောင်းလဲရေး၏ တိုးတက်မှုနှင့် စိန်ခေါ်မှုများနှင့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများအပေါ် အမြင်ချင်းဖလှယ်ရန် တရုတ်အစိုးရနှင့် တရုတ်ဗဟိုဘဏ်မှ အကြီးတန်းအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20240302/3eee3a5bca8545b6968cde5bf294d5b8/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News