International News

ဈေးနှုန်းကျဆင်းမှုအပေါ် စိုးရိမ်သဖြင့် ဝက်ထုတ်လုပ်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ပြောကြားခဲ့

Last Updated:

နိုင်ငံတစ်ဝှမ်းရှိ မွေးမြူရေးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဝက်ထုတ်လုပ်မှုကို လျှော့ချသွားမည်ဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှအကောင်ရေ ၈,၀၀၀ ထိသာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ဝက် သားကို ပိုမိုစားသုံးလာပြီး ဈေးနှုန်းမြှင့်တင်နိုင်ရန်ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Sur-iam က ပြောကြားခဲ့သည်။

မွေးမြူရေးခြံများတွင် ဈေးနှုန်းအနိမ့်ဖြင့် ဝယ်ယူမှုကိုဖြစ်စေပြီး ဝက်သားထုတ်ကုန်များကို လျှော့ဈေးဖြင့်ရောင်းချသည့် လှုပ်ရှားမှုများကို မပြုလုပ်ရန် လက်လီ/လက်ကားရောင်းချသည့် စတိုးဆိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝက်သား လတ်လတ်ဆတ်ဆတ် ၁ ကီလိုဂရမ် လျှင် ဘတ် ၁၃၀ ထက်ပင် နည်းပါကြောင်း၊ ဝက် (အရှင်) ဈေးနှုန်းမှာ မွေးမြူရေးခြံတွင် ၁ ကီလိုဂရမ် လျှင် ၆၇ ဘတ်-၆၈ဘတ်သာရှိသဖြင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်မှာ ၁ ကီလိုဂရမ်လျှင် ၇၂ ဘတ်ထက်ပင် နည်းပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ကုန်ကြမ်းဈေးနှုန်းများနှင့် စပ်လျဉ်း၍ အစာကြိတ်ခွဲစက်အသင်းနှင့် ဆွေးနွေးချက်အရ ပထမ ၂ လအတွင်း ကုန်ကြမ်းဈေးနှုန်း ကျဆင်းခဲ့ခြင်းကြောင့် တိရစ္ဆာန်အစာဈေးနှုန်းသည် ကျဆင်းနေပါကြောင်း၊ ပြောင်းစာသည် ၁ ကီလိုဂရမ်လျှင် ၁၀.၂၆ ဘတ်၊ ပဲပုတ်စာသည် ၁ ကီလိုဂရမ်လျှင် ၁၃.၉၂ ဘတ်၊ ဂျုံသည် ၁ ကီလိုဂရမ်လျှင် ၇.၇၄ ဘတ်နှင့် ငါးစာသည် ၁ ကီလိုဂရမ်လျှင် ၃၂ ဘတ်ဖြစ်ကြောင်း၊ အာဂျင်တီးနားတွင် ဂျုံနှင့် ပဲပုတ်စိုက်ပျိုးဧရိယာ များပြားသဖြင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ဝက်မွေးမြူသူနှင့် အစာကြိတ်ခွဲထုတ်လုပ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် တိရစ္ဆာန်အစာ ဈေးနှုန်းကို လျော့ကျစေခဲ့ကြောင်း၊ ဦးစီးဌာနနှင့် ထိုင်းစာတိုက်လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်သည့် တောင်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအကြား Thong Fah (Blue Flag) အစီအစဉ်ကို ကြေညာသွားမည် ဖြစ်ကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chakra Yodmani က ပြောကြားခဲ့သည်။

ဝက်ထုတ်လုပ်မှုသည် ဝယ်လိုအားထက်များနေပြီး ဝက်သားဈေးနှုန်းကျဆင်းနေခြင်းကြောင့် ဝက်မွေးမြူသူများတွင် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ ဦးစီးဌာနနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်ဆောင်ရွက်မှုဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရေးအတွက် တောင်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအကြား ထုတ်ကုန်များကို ဈေးနှုန်း ချိုသာစွာဝယ်ယူနိုင်မည့် Thong Fah (Blue Flag) အစီအစဉ်ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

 

 

 Source: www.bangkokpost.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News