International News

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ ယုံဆန်ခရိုင်တွင် ကမ္ဘာ့အကြီးဆုံး မိုးမျှော်တိုက်များရှိရာ စီးပွားရေးဗဟိုချက်နေရာတစ်ခုအဖြစ် ထူထောင်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ ဆိုးလ်မြို့တော် အစိုးရသည် ဆိုးလ်မြို့လယ်ရှိ ယုံဆန်ခရိုင်တွင် တည်ရှိနေသည့် စွန့်ပစ်ခံထားရသော ရထားပြုပြင်ထိန်းသိမ်းသည့်နေရာကို နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများ ဖန်တီးပေးနိုင်မည့် နိုင်ငံတကာ စီးပွားရေးခရိုင်အဖြစ် ပြောင်းလဲတည်ဆောက်သွားမည်ဖြစ် ကြောင်း ၅-၂-၂၀၂၄ ရက်နေ့တွင် ဆိုးလ်မြို့တော်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါနေရာတွင် အထပ်ပေါင်း ၁၀၀ ရှိ မိုးမျှော်တိုက်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းမိုးမျှော်တိုက်အား ဗဟိုအဖြစ်ထားကာ ပတ်ဝန်းကျင်ရှိ အထပ်မြင့် အဆောက်အဦးများကို ကောင်းကင်လမ်း (Sky Trail) တစ်ခုဖြင့် ချိတ်ဆက်ပေးထားမည်ဖြစ်ကြောင်း ဆိုးလ်မြို့တော် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါသည်။

အစီအစဉ်အရ စတုရန်းမီတာ ၅၀၀,၀၀၀ အကျယ်ရှိမြေပေါ်တွင် ကမ္ဘာ့အကြီးဆုံး မိုးမျှော်တိုက်များရှိရာမြို့ (“Vertical" City) ကို ကျယ်ပြန့်သော စိမ်းလန်းသည့်နေရာများပါ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါအကျယ်အဝန်းသည် နယူးယောက်ရှိ အကြီးမားဆုံးဖြစ်သော စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုချက်တစ်ခုဖြစ်သည့် Hudson Yards ထက် ၄.၄ ဆ ကျယ်ဝန်းပါကြောင်း ဆိုးလ်မြို့တော်ဝန် Mr. Oh Se-hoon က ပြောကြားခဲ့ပါသည်။

အဆိုပါစီမံကိန်းကို ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ အပြီးသတ်သွားရန် ရည်မှန်းထားပြီး စီးပွားရေးလုပ်ငန်းများသည် အဆိုပါနေရာသို့ ၂၀၃၀ ပြည့် အစောပိုင်းနှစ်များတွင် ပြောင်းရွှေ့လုပ်ငန်းစတင်နိုင်မည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် စတင်မည်ဖြစ်ပါကြောင်း၊ အဆိုပါနေရာသည် အလုပ်အကိုင်များ၊ အပန်းဖြေအနားယူစရာနေရာများ၊ ဖျော်ဖြေရေးများ၊ အိမ်ရာများစသည့် မြို့ပြတစ်ခု၏ ရှိသင့်သည့်အရာများအားလုံးကို လမ်းလျှောက်၍ သွားလာနိုင်သော အကွာအဝေးတွင် ကျစ်ကျစ်လစ်လစ် စုစည်းထားနိုင်သည့်မြို့ (Compact City) တစ်ခုအဖြစ် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ လမ်းလျှောက်သွားလာသူများအတွက် အထူးအဆင်ပြေအောင် ဖန်တီးပေးမည့်မြို့ဖြစ်ပါကြောင်း၊ အဆိုပါနေရာကို ဇုန် (၃) ခု ခွဲခြား၍ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းဇုန်များမှာ နိုင်ငံတကာစီးပွားရေးဇုန် (International Business)၊ စီးပွားရေးဇုန် (Business Complex) နှင့် စီးပွားရေးအထောက်အပံ့ဇုန် (Business Support) စသည်တို့ဖြစ်ပါကြောင်း ဆိုးလ်မြို့တော်ဝန် Mr. Oh Se-hoon ၏ ရုံး အဖွဲ့က ပြောကြားခဲ့ပါသည်။

အဆိုပါ ယုံဆန်ခရိုင်ရှိ “Vertical" City နှင့် ဟန်မြစ်ကို လူသွားလမ်းဖြင့် ဆက်သွယ်ပေးထားမည်ဖြစ်ပြီး စတုရန်းမီတာ ၅၀၀,၀၀၀ အကျယ်ရှိမြေပေါ်တွင် အစိမ်းရောင် (အပင်များ) ဖြင့်သာ လွှမ်းခြုံထားမည်ဖြစ်ကြောင်း၊ ကားလမ်းများကို မြေအောက်တွင်သာထားကာ ကာဗွန်ဒိုင်အောက်ဆိုဒ် လုံးဝထုတ်လွှတ်မှုမရှိသည့်ခရိုင် (Zero-Carbon District) တစ်ခုအဖြစ် ဖန်တီးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါခရိုင်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် သယ်ယူပို့ဆောင်ရေးစနစ်သစ်များကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး  ဒီဇယ်ရထားခေါင်းများ အသုံးပြုမှုကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ဆိုးလ်မြို့သည် ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်နိုင်သည့် ထိပ်တန်းမြို့တစ်ခုဖြစ်လာနိုင်ပါကြောင်း  ဆိုးလ်မြို့တော်ဝန် Mr. Oh Se-hoon က ပြောကြားခဲ့ပါသည်။

ကမ္ဘာအနှံ့မှ ခရီးသွားများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုမ္ပဏီများကို စွဲဆောင်နိုင်မှုအများဆုံးကို အခြေပြုတိုင်းတာသည့် ၂၀၂၃ ခုနှစ် Global Power City Index အရ ဆိုးလ်မြို့သည် အဆင့် (၇) တွင်ရှိနေခဲ့ပါသည်။ Global Power City Index ကို ဂျပန်အခြေစိုက် Institute for Urban Strategies of Major Cities (အဓိကမြို့ကြီးများ၏ မြို့ပြမဟာဗျူဟာများဆိုင်ရာတက္ကသိုလ်) က ထုတ်ပြန်လေ့ရှိရာ ကမ္ဘာ့မြို့ကြီးစုစုပေါင်း ၄၈ မြို့တွင် ဆိုးလ်မြို့သည် အဆင့် (၇) တွင်ရှိနေခြင်း ဖြစ်ပါသည်။ အဆိုပါ အဆင့် (၇) နေရာမှ အဆင့် (၅) နေရာသို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုးလ်မြို့တော် ဝန် Mr. Oh Se-hoon က ကတိပြုပြောကြားခဲ့ပါသည်။

ယုံဆန်ခရိုင်ရှိ “Vertical" City တည်ဆောက်အပြီးတွင် အလုပ်အကိုင်သစ် စုစုပေါင်း ၁၄၆,၀၀၀ ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်ဟုလည်း ဆိုးလ်မြို့တော်ဝန်ရုံးအရာထမ်းများက ပြောကြားခဲ့ပါသည်။

သို့ပါ၍ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ ယုံဆန်ခရိုင်တွင် ကမ္ဘာ့အကြီးဆုံး မိုးမျှော်တိုက်များရှိရာ စီးပွားရေးဗဟိုချက်နေရာတစ်ခုအဖြစ် ထူထောင်သွားမည်ဆိုသည့် သတင်းအား သိသာနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

Source: The Korea Herald

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News