International News

အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု “ဂယ်ပေါက်” မှတင်သွင်းသည့် သွင်းကုန်များ မြင့်တက်လာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု “ဂယ်ပေါက်” မှတင်သွင်းသည့် သွင်းကုန်တင်သွင်းမှု မြင့်တက်လာခဲ့ကြောင်း Wall Street Journal သတင်းစာတွင် ၃-၂-၂၀၂၄ ရက်နေ့၌ “Imports Under U.S. Trade ‘Loophole’ Rise” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။  

အမေရိကန်နိုင်ငံအတွင်းသို့ ကုန်သွယ်မှုပြဋ္ဌာန်းချက်များအောက်တွင် အကောက်ခွန်သက်သာခွင့်ဖြင့် e-commerce လုပ်ငန်းကြီးများဖြစ်သော တရုတ်နိုင်ငံ၏ Temu နှင့် Shein တို့မှ ကုန်ပစ္စည်း အထုပ်ငယ်များဖြင့် ယခင်ကထက်ပို၍ ဝင်ရောက်လာခဲ့ကြသဖြင့် လွှတ်တော်အမတ်များကပင် အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ရပါကြောင်း၊ ယင်းကုန်သွယ်မှုပြဋ္ဌာန်းချက်တွင် အမေရိကန်နိုင်ငံ အတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၈၀၀) အောက်ရှိသော အထုပ်များကို ပို၍ရိုးရှင်းသော လုပ်ထုံးလုပ်နည်းများဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ ယင်းသို့တင်သွင်းခွင့်ပြုခြင်းသည် အဆိုပါ e-commerce ကုမ္ပဏီများအပေါ် ကုန်သွယ်မှုအတွက်‘ဂယ်ပေါက်’ရရှိအောင် ကူညီပေးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ဝင်ရောက်လာသည့် ကုန်ပစ္စည်းများသည် တန်ဖိုးနည်းပြီး လုပ်သားများကို အဓမ္မစေခိုင်းမှုဖြင့် ထုတ်လုပ်ထားနိုင်သော ကုန်ပစ္စည်းများဖြစ်နိုင်ပါကြောင်း၊ ၂၀၂၂ ခုဘဏ္ဍာနှစ်တွင် အထုပ်ပေါင်း (၆၈၅) သန်းခန့် ဝင်ရောက်ခဲ့သော်လည်း ၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် အထုပ်ပေါင်း (၄၈၅) သန်းခန့် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပါကြောင်း၊ ထိုသို့ဝင်ရောက် လာသည့် ပစ္စည်းများနှင့် အမေရိကန်ကုမ္ပဏီများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ယှဉ်ပြိုင်နိုင်ရန် ခက်ခဲပါကြောင်း၊ အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံခြားမှအမေရိကန်နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ချိန်တွင်လည်း လက်ဆောင်ပစ္စည်းများကို အခွန်ပေးဆောင်ရမှုမရှိဘဲ ယူဆောင်လာနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ e-commerce လုပ်ငန်းကြီးများဖြစ်သော Temu နှင့် Shein တို့သည် အဓမ္မအလုပ်စေခိုင်းခြင်းဖြင့် ၎င်းတို့၏ ထုတ် ကုန်များကို ဈေးနည်းနည်းဖြင့် ရောင်းချနိုင်ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုချက်များရှိကာ လုပ်ငန်းနှစ်ခုစလုံးက အဆိုပါစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ကြပါကြောင်း၊ တရုတ်နိုင်ငံ၊ Xinjiang ပြည်နယ်ရှိ Uyghur လူနည်းစုကို အဓမ္မစေခိုင်းခြင်းဖြင့် ထုတ်လုပ်သည့် ကုန်စည်များကို အမေရိကန်နိုင်ငံက တင်သွင်းခွင့် ကန့်သတ်တားမြစ်ခြင်းရှိခဲ့ပါကြောင်း၊ အမေရိကန် အကောက်ခွန်ဌာနအကြီးအကဲ Mr. Troy Miller က ကုန်ပစ္စည်းအထုပ်ငယ်များ ဖြစ်သော်လည်း ၎င်းတို့သည် ပုံမှန်ကွန်တင်နာကြီးများဖြင့် တင်သွင်းသည့် သွင်းကုန်များကဲ့သို့ ကျန်းမာရေး၊ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ကုန်ပစ္စည်းအထုပ်ငယ်များ ဝင်ရောက်လာခြင်းသည် အမေရိကန် စားသုံးသူများအတွက် ကုန် ပစ္စည်းအရွယ်အစားမျိုးစုံ လက်ဝယ်ရရှိနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အမေရိကန် စီးပွား ရေးလုပ်ငန်းများ ပို၍ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု လေ့လာသူ အချို့က အပြုသဘောရှုမြင်ပြောဆိုကြသည်များရှိကြောင်း သိရှိရပါသည်။   

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News