ထိုင်းနိုင်ငံ၏ အထူးကော်ဖီ (Specialty Coffee) ဈေးကွက်မှ ၁ နှစ်လျှင် ဘတ် ၂ ဘီလီယံ ရရှိနိုင်ရေးမြှင့်တင်သွားမည်ဖြစ်ကြောင်း Specialty Coffee Association of Thailand (Scath) က ပြောကြားခဲ့ပါသည်။
Specialty Coffee ကို ခူးဆွတ်ခြင်း အပါအဝင် ထောက်ပံ့မှု ကွင်းဆက်တစ်လျှောက် အကောင်းဆုံး စံနှုန်းများနှင့် ကိုက်ညီမှုပေါ် မူတည်၍ အမျိုးအစားခွဲထားခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအတွင်း ကော်ဖီထုတ်လုပ်မှု ကုန်ကျစရိတ်သည် ဒေသတွင်းရှိ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ကြီးမြင့်သဖြင့် ယှဉ်ပြိုင်နိုင်မှုမရှိ ဖြစ်စေပါကြောင်း၊ အသင်းအဖွဲ့ဝင်များတွင် ပါဝင်သော စိုက်ပျိုးသူများ၊ တင်ပို့သူများနှင့် ကော်ဖီဆိုင်ပိုင်ရှင်များက ဈေးကွက်အတွင်း နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်ရန်အတွက် Specialty Coffee ထုတ်လုပ်ရန်နှင့် ထောက်ခံရန် ပါဝင်လိုကြပါကြောင်း၊ Specialty Coffee ဈေးကွက်အလားအလာများကို ဖော်ပြရမည်ဆိုပါက အဆိုပါ ကော်ဖီ၏ ဈေးနှုန်းသည် အာရေဗီးကား ကော်ဖီစေ့များထက် အနည်းဆုံး ၆၀ ရာခိုင်နှုန်း မြင့်မားပါကြောင်း၊ ထိုင်းနိုင်ငံ အတွင်း Specialty Coffee ၏ ဈေးကွက်သည် တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်း ကြီးထွားလာလျက်ရှိပါကြောင်း အသင်းဥက္ကဋ္ဌ Ms. Nutrada Sunavivattananon က ပြောကြားခဲ့ပါသည်။
ဈေးကွက်ကြီးထွားလာရခြင်းမှာ စားသုံးသူများ၏ စားသုံးမှု ပုံစံပြောင်းလဲလာခြင်းနှင့် လုပ်ငန်းကြီးများက Specialty Coffee ဈေးကွက်သို့ ချဲ့ထွင်လာကြခြင်းကြောင့်ဖြစ်ကြောင်း၊ ၁ နှစ်လျှင် ကော်ဖီ ဈေးကွက်တန်ဖိုး ဘတ် ၁၀၀ ဘီလီယံတွင် အကောင်းစား ကော်ဖီဈေးကွက်တန်ဖိုး ဘတ် ၂၀ ဘီလီယံ အနက် Specialty Coffee ဈေးကွက်တန်ဖိုးသည် ဘတ် ၂ ဘီလီယံရရှိရန် ခန့်မှန်းထားပါကြောင်း၊ အသင်းအနေဖြင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကော်ဖီမျိုးစိတ်များ စမ်းသပ်ထုတ်လုပ်ခြင်း၊ Specialty Coffee နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် တောင်သူများသို့ ဗဟုသုတများ မျှဝေခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် စိုက်ပျိုးသော ထိပ်တန်း Specialty Coffee အမျိုးအစားများအနက် Java သည် အပါအဝင်ဖြစ်ကြောင်း Ms. Nutrada က ဖြည့်စွက် ပြောကြားခဲ့ပါသည်။
ထိုင်းကော်ဖီကဏ္ဍကို ကမ္ဘာ့အဆင့်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ Central Pattana Plc နှင့် အသင်းတို့ ပူးပေါင်းကာ နိုင်ငံနှင့်အဝှမ်းတွင် Thailand Coffee Hub ကို စီစဉ်ဆောင်ရွက်လျက် ရှိသည်မှာ ၃ နှစ်တိုင်ပြီဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက် မှာ စီးပွားရေး လုပ်ငန်းမှ စားသုံးသူဆီ (B2C) သို့လည်းကောင်း၊ စီးပွားရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်း (B2B) ဆီသို့ လည်းကောင်း ထောက်ပံ့ပေးခြင်းဖြင့် စားသုံးသူများ၏ လိုလားချက်အတိုင်း ထုတ်လုပ်ပေးနိုင်သည့် ကော်ဖီလုပ်ငန်းရှင်များ ပေါ်ထွက်လာရန်ဖြစ်ကြောင်း Central Pattana Plc အကြီးတန်း အရာရှိဖြစ်သူ Ms. Kwankaew Sirijinda က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။