International News

ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဖြစ်သော ဂျပန်တွင် ငွေကြေး (ယန်း) တန်ဖိုး ကျဆင်းလာ ခြင်းကြောင့် ယင်းတတိယနေရာသို့ ဂျာမနီမှ နေရာယူလာလိမ့်မည်ဟု တွက်ချက်ထား

Last Updated:

၂၀၂၃ ခုနှစ်တွင် ဒေါ်လာနှင့် ယူရိုတို့နှင့် နှိုင်းယှဉ်လျှင် ယန်းငွေတန်ဖိုးကျဆင်းနေမှုကြောင့် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော ဂျပန်နိုင်ငံ၏နေရာတွင်  ဂျာမနီနိုင်ငံမှ နေရာယူလာလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ နောက်ဆုံးတွက်ချက်မှုတွင် ယခုနှစ်အတွက် ဂျာမနီ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာ (၄.၄၃) ထရီလီယံနှင့် ဂျပန်နိုင်ငံ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာ (၄.၂၃) ထရီလီယံဟူ၍  နှိုင်းယှဉ်ခန့်မှန်းထားပါသည်။

ယန်းငွေသည် ယူရိုငွေကြေးနှင့် နှိုင်းယှဉ်ပါက စံချိန်တင် လဲလှယ်နှုန်းဖြစ်သော ယန်း ၁၆၀ နီးပါးသို့ ယိမ်းယိုင်လာပြီးနောက် ယခုကဲ့သို့တွက်ချက်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယမန်နှစ် (၂၀၂၂ ခုနှစ်) အောက်တိုဘာလတွင် ဖြစ်ပေါ်ခဲ့သော ဒုတိယအကျော့ ငွေကြေးကမောက်ကမဖြစ်ခဲ့သည့်အချိန်တွင်ပင် ယန်းငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၃၃ နှစ်ကြာရှိနေခဲ့သော အနိမ့်ဆုံးကွာခြားချက်တွင် ရှိမြဲရှိနေဆဲဖြစ်ပြီး၊ ယူရိုမှာမူ ၂၀၀၈ခုနှစ်၊ သြဂုတ်လတွင် ယန်း ၁၆၀ နှုန်းသို့ နောက်ဆုံးရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ယန်းငွေအားနည်းမှုသည် ငွေကြေးမူဝါဒ၏ အခြေခံကျသော ကွဲပြားခြားနားမှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

ဂျပန်ဘဏ်(BOJ) သည် ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်းကို သက်သာစေရန် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင် ဈေးနှုန်းများမြင့်တက်လာစေရန် လှုံ့ဆော်ရာရောက်နိုင်သည့် အတိုးနှုန်းတိုးမြှင့်ခြင်းကို မဆောင် ရွက်တော့ဘဲ နိုးကြားမှုရှိသော အနေအထားဖြင့်သာ ရပ်တည်နေစဉ် အမေရိကန်ဗဟိုဘဏ် (Fed) နှင့် ဥရောပဗဟိုဘဏ် (ECB) တို့သည် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက်  ကပ်ရောဂါဖြစ်ပွားနေချိန်က ရှိခဲ့သော အနိမ့်ဆုံးအတိုးနှုန်းကို ပြန်လည်မြှင့်တင်ခဲ့ပါသည်။

Fed နှင့် ECB တို့သည် လာမည့်အစည်းအဝေးများတွင် အတိုးနှုန်းများကို မပြောင်းလဲဘဲ ဆက်လက်ထားရှိရန် မျှော်မှန်းထားသဖြင့် ချေးငွေဆိုင်ရာ ကုန်ကျစရိတ်များကို အချိန်ကြာမြင့်သည်အထိ ဆက်လက်မြင့်မားနေစေမည့်မျှော်မှန်းချက်များသည် ယန်းအပေါ် ဖိအားကို ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

BOJ သည် ဖြစ်နိုင်ချေရှိသော ထိန်းညှိမှုများအတွက် ထင်မြင်ချက်အမျိုးမျိုးရှိနေသည့်ကြားမှ လာမည့်သီတင်းပတ်တွင် Bond မှ အမြတ်အစွန်းများ ပိုမိုရရှိနိုင်ရေး ထိန်းချုပ်မှုများ ဆောင်ရွက်တော့မည်ဖြစ်သော်လည်း ၎င်း၏ အနုတ်လက္ခဏာဆောင်နေသော အတိုးနှုန်းများ၏ အဆုံးသတ် ကောင်းမွန်လာစေရေးကိုမူ လာမည့်နှစ်အထိတိုင် အောင် မျှော်လင့်နိုင်တော့မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ မူဝါဒချမှတ်သူများသည် ၎င်းတို့၏ နောက်ဆုံး စီးပွားရေးအဆိုပြုချက် အသေးစိတ်ကို သေချာစွာ ဝေခွဲသုံးသပ်နေစဉ်တွင် ယင်းအပေါ် အလေးထားသည့် ဂျာမနီတွင်လည်း စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိနေဆဲဖြစ်ကြောင်းကို ကိန်းဂဏန်းအချက်အလက်များက ထောက်ပြလျက်ရှိပါသည်။

IMF ၏ ကြိုတင်ခန့်မှန်းချက်နှင့်စပ်လျဉ်း၍ သတင်းဌာန၏ မေးမြန်းမှုအပေါ် ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုရေးရာဝန်ကြီး Mr. Yasutoshi Nishimura က ၂၄-၁၀-၂၀၂၃ ရက်တွင်ဖြေကြားခဲ့ရာ၌ ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာ နှေးကွေးနောက်ကျကျန်နေသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် လွန်ခဲ့သည့်အနှစ် ၂၀၊ ၃၀ ခန့်က အခြေအနေမျိုးကို ပြန်လည်ရရှိလိုကြောင်းနှင့် စီးပွားရေး ပြန်လည်လည်ပတ်လာစေရန် ဆောင်ရွက်ပေးမည့်အစီအစဉ်ဖြစ်သော Economic Stimulus Package မှတစ်ဆင့် အောင်မြင်မှုများရရှိလိုကြောင်း ဖြေကြားခဲ့သည်ဟု သိရှိရပါသည်။

ယင်း Economic Stimulus Package တွင် ဂျပန်နိုင်ငံ၌  ဆယ်စုနှစ်များအတွင်းက ဖြစ်ပေါ်ခဲ့သော အပြင်းထန်ဆုံး ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့် လူနေမှုစရိတ်စကများကို လျော့ပါးသက်သာစေရန် ရည်ရွယ်ဆောင် ရွက်ပေးခဲ့သည့် စွမ်းအင်အပေါ် ထောက်ပံ့ပေးမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအမံတစ်ခုပါဝင်ကြောင်း ဂျပန်ဝန်ကြီးချုပ် Mr. Fumio Kishida က ၂၃-၁၀-၂၀၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းအပြင် အခွန်လျှော့ချမှု ပုံစံအချို့နှင့်အတူ လုပ်ခလစာများ ဆက်လက်တည်မြဲနေစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည့် အစီအမံများလည်း ပါရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

IMF ကိန်းဂဏန်းများတွင် ဂျာမန်လူမျိုးများသည် ဂျပန်လူမျိုးများထက် တစ်ဦးကျ ပျမ်းမျှဂျီဒီပီ ပိုမိုကောင်းမွန်ကြောင်း၊ ဂျာမနီနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၅၂,၈၂၄ ရရှိပြီး ဂျပန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၃,၉၅၀ ရရှိကြောင်း နှိုင်းယှဉ်ဖော်ပြထားခဲ့ပါသည်။

 

 

Source:         https://www.businesstoday.com.my/2023/10/24/germany-to-pass-japan-as-3rd-largest-economy-as-yen-weakened/

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News