International News

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က နှစ်နိုင်ငံ ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ မြှင့်တင်ရန် မျှော်မှန်းထား

Last Updated:

ထိုင်းနှင့် ဗီယက်နမ်တို့သည် နှစ်နိုင်ငံ ကုန်သွယ်မှုကို ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံထိ မြှင့်တင်ရန် မျှော်မှန်းထားကြောင်း၊ ယင်းသို့မြှင့်တင်ရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာကဲ့သို့သော မူဘောင်များ သို့မဟုတ် အာဆီယံစသည့် နည်းလမ်းများစွာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းချုပ်နှင့် ထိုင်း-ဗီယက်နမ် မိတ်ဖက်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Sanan Angubolkul က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံ ပုဂ္ဂလိကဏ္ဍကလည်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် ပြိုင်ဘက်များအဖြစ်မဟုတ်ဘဲ ကုန်သွယ်မှုမိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် အားသာချက်များကို မြှင့်တင်သွားကြမည်ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ဗီယက်နမ်ရှိ ထိုင်း-ဗီယက်နမ် စီးပွားရေးလုပ်ငန်းကောင်စီနှင့် ထိုင်းကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းချုပ်တို့ တည်ထောင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံ၌ ပူးပေါင်းဆောင်ရွက်ရန် Team Thailand Plus ကို တည်ထောင်ခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ချိတ်ဆက်ဆောင်ရွက်ပေးပါကြောင်း၊ ယခုနှစ် နှစ်ဝက်အတွင်း ထိုင်းနှင့် ဗီယက်နမ် တို့အကြား ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၅.၅၃ ဘီလီယံနှင့် သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၃.၉၇ ဘီလီယံ စုစုပေါင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၉.၅ ဘီလီယံ ရှိပါကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်တွင် ဖွံ့ဖြိုးလျက်ရှိသော Startup စီးပွားရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ အရှေ့တောင်အာရှတွင်လည်း ယင်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ အရှေ့တောင်အာရှတွင် application အသုံးပြုသူအရေအတွက် များပြားပါကြောင်း၊ နိုင်ငံခြား Startup များဖြစ်သဖြင့် နိုင်ငံခြားသားများကို ဝင်ငွေရှာဖွေပေးနေသကဲ့သို့ ဖြစ်နေပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ပြည်တွင်း Startup များ တည်ထောင်ပြီး ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဝင်ငွေပိုမိုရရှိနိုင်ကြောင်း ထိုင်း Startup အသင်း၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr. Thanakrit Sermsuksan က အကြံပြုထားပါသည်။

 

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: International News