International News

အလုပ်ခန့်ထားမှု တိုးတက်နှုန်း လျော့နည်းလာသော်လည်း လုပ်ခလစာမြင့်တက်လာ

Last Updated:

အလုပ်ခန့်ထားမှုတိုးတက်နှုန်း လျော့နည်းလာသော်လည်း လုပ်ခလစာမြင့်တင်လာကြောင်း ဖော်ပြထားသည့်သတင်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက် ၊ ၈ ရက်နေ့ ထုတ် World Street Journal Weekend သတင်းစာတွင် “Wages Rises Even as Job Growth Eases” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း အလုပ်အကိုင်ခန့်ထားမှုနှေးကွေးခဲ့သော်လည်း လုပ်ခလာစာမြင့်တက်လာပြီး အလုပ်လက်မဲ့အခြေအနေ ကျဆင်းခဲ့သဖြင့် အမေရိကန်ဗဟိုဘဏ်(Federal Reserve) သည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာတွင် လမ်းမှန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ ဇူလိုင်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အတိုးနှုန်း ထပ်မံတိုးမြှင့်နိုင်ကြောင်း၊ သို့ဖြစ်၍ ဇူလိုင်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အတိုးနှုန်းထပ်မံတိုးမြှင့်နိုင်ကြောင်း၊ အမေရိကန်အလုပ်ရှင်များသည် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း  အလုပ်သမား (၂၀၉,၀၀၀) ဦးခန့် အလုပ်ခန့်ထားနိုင်ခဲ့ သော်လည်း မေလတွင်( ၃၀၆, ၀၀)ဦးခန့်ထားနိုင်ခဲ့သဖြင့် အလုပ် ခန့်ထားမှုကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် တစ်လပျမ်းမျှလုပ်ခလစာသည် အမေရိကန်ဒေါ်လာ(၂၇၈,၀၀၀) ရှိပြီး ယခင်နှစ်၏ ပျမ်းမျှလုပ်ခလာစာ(၄၀၀,၀၀၀) နှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

အလုပ်လက်မဲ့နှုန်းမှာ မေလတွင် ၃ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဇွန်လတွင် ၃ ဒသမ ၆ ရာခိုင်နှုန်း သို့ကျဆင်းခဲ့ကြောင်း၊ အလုပ်ရှင်များကလည်း အလုပ်သမားရရှိရန် ယှဉ်ပြိုင်ကြရသဖြင့် လုပ်ခလစာ တိုးပေးလာခဲ့ကြပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ၏ တစ်နာရီပျမ်းမျှလုပ်ခသည် ယခင်နှစ် ဇွန်လ၏လုပ်ခလစာနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးလာခဲ့ပါကြောင်း၊ လုပ်ခလစာ စဉ်ဆက်မပြတ် တိုးလာသဖြင့် ငွေကြေးဖောင်းပွမှု ဖြစ်စေကြောင်း အလယ်ပိုင်းဖလော်ရီဒါ တက္ကသိုလ် စီးပွားရေးလေ့လာမှုဌာန၏ ညွှန်ကြားရေးမှူး Sean Snaith က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။ အမေရိကန်ဗဟိုဘဏ် (Federal Reserve) အနေဖြင့် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် ထူးခြားကောင်းမွန်သည့်နည်းလမ်းရှိကြောင်း၊ အတိုးနှုန်းကို ဆက်တိုက်တိုးမြှင့်ထားရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး Sean Snaith ကပြောကြားခဲ့ပါသည်။ နောက်ဆုံးရရှိသည့် အလုပ်အကိုင်နှင့် လုပ်ခလစာဆိုင်ရာအချက်အလက်များအရ အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် အမေရိကန်ဗဟိုဘဏ်(Federal Reserve) ကမျှော်လင့်ထားသကဲ့သို့ နှေးကွေးမသွားခဲ့သဖြင့် ဇူလိုင်လတွင် Federal Reserve က ၂၂ နှစ်တာကာလအတွင်း အတိုးနှုန်းကို အမြင့်ဆုံးသို့ တိုးမြှင်နိုင်ပါကြောင်း၊ ယခင်နှစ်ကပင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးအခြေအနေမှ လျော့ကျခဲ့ပြီး ဖြစ်သော်လည်း အတိုးနှုန်းကို နှစ်ဆအထိ တိုးမြှင့်လျက်ရှိပါကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ပိုင်း အမေရိကန်နိုင်ငံ၏ ကဏ္ဍများစွာတွင် အလုပ်သမားများ လိုအပ်လာခဲ့ပြီး အစိုးရအဖွဲ့အစည်းများ၌ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် အစိုးရကျောင်း၊ ဆေးရုံနှင့် မြို့တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍများရှိ အလုပ်သမားများ ထပ်မံတိုးမြှင့်လိုက်သဖြင့် အဆိုပါကဏ္ဍများတွင် ၂၀၂၂ ခုနှစ်ထက် အလုပ်သမားနှစ်ဆခန့် လိုအပ်ခဲ့ပါ‌ကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် စောင့်ရှောက်ရေးဂေဟာများတွင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရန် အလုပ်သမားပမာဏ ပိုမိုလိုအပ်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဇွန်လအတွင်း အလုပ်အကိုင် စုစုပေါင်း(၄၁,၀၀၀) အထိခန့်ထားနိုင်ခဲ့ပါကြောင်း၊ နေအိမ်ဝယ်ယူရန် ရှားပါးသဖြင့် လူနေအိမ်တည်ဆောက်နိုင်ရေးအတွက် အိမ်ဆောက်လုပ်သူများအပေါ် မှီခိုနေရသဖြင့် ယင်းကဏ္ဍတွင် အလုပ်သမားများလိုအပ်လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ လျှပ်စစ်မော်တော်ယာဉ် ဘတ္ထရီနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ပတ်သက်သည့် လုပ်ငန်းများဖြစ်သည့် စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း အလုပ်သမား များစွာလိုအပ်လျက်ရှိပါကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရပါသည်။ သို့ရာတွင် အလုပ်အကိုင် ခန့်ထားမှုဈေးကွက်သည် အချို့ကဏ္ဍများတွင် နှေးကွေးကြောင်းတွေ့ရှိရပြီး အထူးသဖြင့် ၂၀၂၀ ခုနှစ် နောက်ပိုင်းမှစ၍ စားသောက်ဆိုင်များတွင် အလုပ်သမားခန့်ထားမှု သိသိသာသာလျော့ကျခဲ့ပြီး လက်လီအရောင်းဆိုင်များ ပို့ဆောင်ရေးနှင့် ပစ္စည်းသိုလှောင်သည့် ကုမ္ပဏီများအပါအဝင် ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းများရှိ အလုပ်သမားခန့်ထားမှု လျော့နည်းသွားပါကြောင်း ဖော်ပြ ထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News