International News

ပို့ကုန်သင်္ဘောများအပေါ် ခြိမ်းခြောက်မှုရှိနေသော်လည်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှေ့သို့တိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

ပင်လယ်နီထဲတွင် အဓိကသင်္ဘောလမ်းကြောင်းများကို တိုက်ခိုက်နေသော Houthi များ၏ သက်ရောက်မှုကို ဖြေရှင်းရန် ကာလတို၊ ကာလရှည် လုပ်ငန်းစဉ်များ ဆောင်ရွက်နေပါကြောင်း၊ မကြာသေးမီက တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ၏ ပို့ကုန်လုပ်ငန်းစဉ်အားလုံးအပေါ် ဆိုးရွားစွာထိခိုက်မှုမရှိသေး ပါကြောင်း ထိုင်းသင်္ဘောလုပ်ငန်းရှင်များကောင်စီနှင့် တွေ့ဆုံခဲ့သည့် အရေးပေါ် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Keerati Rushchano က ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်သည် မကြာရှည်နိုင်ပါကြောင်း၊ ကြာရှည်ခဲ့မည်ဆိုပါက ကုန်သေတ္တာနှင့် ကုန်သေတ္တာအလွတ်ပြတ်လပ်မှုဖြစ်နိုင်ပါကြောင်း၊ ဆိပ်ကမ်းကျပ်တည်းမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာမှုနှင့် အထူးသဖြင့် တရုတ်နှစ်သစ်ကူးကာလများတွင် သင်္ဘောနေရာအတွက် ပြိုင်ဆိုင် မှုများ မြင့်တက်လာနိုင်ပါကြောင်း၊ အခြေအနေတည်ငြိမ်သွားပါက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာနနှင့် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနတို့က ကောင်စီအပါအဝင် သင်္ဘောလိုင်းများနှင့် အစည်းအဝေးကျင်းပ၍ ကုန်ကျစရိတ်နှင့် မြင့်တက်ရသည့်အကြောင်းအရင်းများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်က ဆက်လက်ပြောကြားပါသည်။

အဆိုပါ အခွင့်အရေးကို အသုံးချ၍ သင်္ဘောလိုင်းများ အကျိုးအမြတ်ရယူခြင်းမှ တားဆီးရန်နှင့် သင်္ဘောဈေးနှုန်းမျှတစေရေးအတွက် ကောင်စီက အဆိုပြုလွှာတင်သွင်းရန်ရှိပါကြောင်း၊ တင်ပို့မှု နှောင့်နှေးခြင်းကြောင့် ပို့ကုန်လုပ်ငန်းငယ်များတွင် အပျက်သဘောသက်ရောက်ပြီး ငွေကြေးဖြစ်လွယ် ခြင်းဆိုင်ရာ ပြဿနာများရှိလာနိုင်ကြောင်း၊ ထိုင်းပို့ကုန်သွင်းကုန်ဘဏ်က အဆိုပါ ပြဿနာများကို ဖြေရှင်းရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပို့ကုန်အခြေအနေကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်သည့် ကုန်သေတ္တာများနှင့် ကုန်ချပြီးသော ကုန်သေတ္တာများနှင့် စပ်လျဉ်း၍ ထပ်တိုးကုန်ကျစရိတ်များဆိုင်ရာ သတင်းအချက်အလက်များရရှိနိုင်ရန် သင်္ဘောလိုင်းများနှင့် ချိတ်ဆက်စောင့်ကြည့်လျက်ရှိပါကြောင်း ကောင်စီဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News