International News

တရုတ်နှင့်ကုန်သွယ်ရေးသည် အမေရိကန်နိုင်ငံ၌ အလုပ်အကိုင် (၁)သန်းကျော်ကို ဖန်တီးပေးထား

Last Updated:

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူမှုကြောင့် ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်(၁) သန်းကျော်ကို ဖန်တီးပေးထားကြောင်း၊ ထို့ကြောင့် မူဝါဒချမှတ်သူများသည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှု၏ အခန်းကဏ္ဍကို အလေးထားသင့်ကြောင်း US-China Business Council ၏ President ဖြစ်သူ Craig Allen က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ကုန်စည်နှင့် ဝန်ဆောင်မှုများတင်ပို့မှုကြောင့် အမေရိကန်တွင် အလုပ်အကိုင် (၁.၀၆)သန်းခန့်ကို ရရှိစေကြောင်း US-China Business Council က ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် US Exports to China အစီရင်ခံစာအရ သိရှိရပါ သည်။

အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ အမေရိကန်မှ ကုန်စည်တင်ပို့မှုသည် ယခင်နှစ်ထက် (၂၂)ရာခိုင်နှုန်း တိုးလာ၍ ဝန်ဆောင်မှုတင်ပို့မှု အနည်းငယ်တိုးလာပြီး အမေရိကန်နိုင်ငံ၌ အလုပ်အကိုင်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့ကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီလအစောပိုင်းတွင် အမေရိကန်ကုန်သွယ်ရေးဌာနမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံသည်၂၀၂၂ ခုနှစ်တွင်အမေရိကန်၏ တတိယအကြီးဆုံးကုန်သွယ်ဖက်အဖြစ်ရပ်တည်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှု၏ (၁၃)ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ကနေဒါနှင့် မက္ကဆီကိုတို့သည် (၁၄.၉)ရာခိုင်နှုန်းနှင့် (၁၄.၇)ရာခိုင်နှုန်းတို့ဖြင့် ပထမနှင့်ဒုတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

အစီရင်ခံစာတွင် အမေရိကန်ရှိ ပြည်နယ်နှင့် ခရိုင်များမှ တရုတ်နိုင်ငံသို့တင်ပို့ခဲ့သည့် အသေးစိတ် အချက်အလက်များနှင့် အလုပ်အကိုင်ဖန်တီးပေးမှုများပါဝင်ကြောင်း သိရှိရပါသည်။ ဥပမာအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ်သည် ပို့ကုန်လုပ်ငန်းကြောင့် အလုပ်အကိုင်ရရှိမှုတွင် ထိပ်တန်းနေရာ၌ ရှိနေပြီး ၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင် (၁၃၂,၄၀၀)ကျော်ဖြင့် ယခင်နှစ်ထက် (၁၅)ရာခိုင်နှုန်း တိုးလာကြောင်းသိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ အမေရိကန်ကုန်ပစ္စည်း တင်ပို့မှုမှာ ယခင်နှစ်ထက် (၁.၂) ရာခိုင်နှုန်း တိုးလာကြောင်း၊ အဓိကအားဖြင့် ဆီထွက်သီးနှံများ၊ အစေ့အဆန်များနှင့် ဆေးဝါးများ ကို အများဆုံးတင်ပို့ခဲ့ပြီး ယခင်နှစ်ထက် တိုးတက်လာသော်လည်း semiconductor နှင့် စွမ်းအင်ကဏ္ဍများတွင် တင်ပို့မှု ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံက မကြာခဏအသုံးပြုလေ့ရှိသော ပို့ကုန်ထိန်းချုပ်ရေးအစီအမံများသည် semiconductor ကဏ္ဍအပေါ် အကျိုးသက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်အသက်ဝင်ခဲ့သော အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုသည် အဆင့်မြင့် semiconductor များနှင့် semiconductor ထုတ်လုပ်ရေးပစ္စည်းများအား တရုတ်နိုင်ငံသို့တင်ပို့မှုကို အဟန့်အတားဖြစ်စေခဲ့သည်ဟု USCBC ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ မေလ (၂၅)ရက်နေ့တွင် ဝါရှင်တန်မြို့၌ အမေရိကန်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo နှင့် တွေ့ဆုံစဉ် တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang Wentao သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ကျင့်သုံးသည့် အမေရိကန်၏မူဝါဒများအပြင် semiconductor တင်ပို့ခြင်း၊ ပို့ကုန်ထိန်းချုပ်မှုများနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများကို ပြန်လည် သုံးသပ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source: www.chinadaily.com.cn/a/202306/07/WS647f542ca31033ad3f7bac95.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News