International News

Microsoft က Activision Blizzard ကို အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံဖြင့် ဝယ်ယူရန် တရားရုံးကဆုံးဖြတ်

Last Updated:

အမေရိကန်ကွန်ပျူတာ နည်းပညာကုမ္ပဏီကြီးဖြစ်သော Microsoft က Activision Blizzard Inc. ခေါ် ဗွီဒီယိုဂိမ်းလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံဖြင့် ဝယ်ယူရန် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ World Street Journal အွန်လိုင်းသတင်းတွင် “Microsoft Can Close Its $75 Billion Buy of Activision Blizzard, Judge Rules” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

Microsoft အနေဖြင့် Activision Blizzard ကို အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံဖြင့် ဝယ်ယူရန် ဖက်ဒရယ်တရားရုံးက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ဆုံးဖြတ်လိုက်သဖြင့် အဆိုပါ ဆုံးဖြတ်ချက်သည် သမ္မတဂျိုးဘိုင်ဒင်လက်ထက် ကုမ္ပဏီကြီးများက ကုမ္ပဏီငယ်မျာ အား ဝယ်ယူခြင်းမပြုရန် ကြိုးပမ်းချက်ကို နောက်ပြန်လှည့်စေသည့် အချက်တစ်ချက် ဖြစ်ပါ ကြောင်း၊ ဤသို့ဝယ်ယူလိုက်ခြင်းဖြင့် Microsoft ၏ Xbox ဗီဒီယိုဂိမ်းလုပ်ငန်းသည် လူသိများ သော ဗွီဒီယိုဂိမ်းများဖြစ်သည့် Call of Duty ၊ World of Warcraft နှင့် Candy Crush စသည့်ဂိမ်းများ ထုတ်လုပ်သော Activision Blizzard နှင့် ပေါင်းစည်းသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကုမ္ပဏီနှစ်ခုပေါင်းစည်းခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် အဟန့်အတား မရှိသော်လည်း ဗြိတိန်နိုင်ငံ၏ သဘောတူညီချက်ကို စောင့်ဆိုင်းလျက်ရှိပါကြောင်း၊ Microsoft က Activision ကို ပိုင်ဆိုင်ခြင်းကြောင့် Console သို့မဟုတ် Cloud-gaming ဈေးကွက်ရှိ ယှဉ်ပြိုင်မှုများကို ထိခိုက်မှုမရှိကြောင်းကို အမေရိကန် ကုန်သွယ်ရေးကော်မရှင် (US Federal Trade Commission – FTC) က ဖော်ပြခဲ့ပြီးဖြစ်ကြောင်းနှင့်  Activision ၏ Call of Duty နှင့် အခြားဂိမ်းအသုံးပြုသူများအနေဖြင့် ယင်းဂိမ်းများကို ယခုပို၍ လက်လှမ်းမီရယူနိုင်ကြသည့် သက်သေများတွေ့ရကြောင်း အမေရိကန် ခရိုင်တရားသူကြီး Jacqueline Scott Corley က ပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။

သို့ရာတွင်  FTC အနေဖြင့် တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်သော်လည်း ယင်းသို့ဆောင်ရွက်သည့် အလေ့အထမရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ ရောင်းဝယ်မှု မဖြစ်စေရေး ဆောင်ရွက်ရန်လည်း စိန်ခေါ်မှုများရှိနေပါကြောင်း၊ မည်သို့ဆက်လက် လုပ်ဆောင်သွားမည်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း FTC ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဤသို့ ရောင်းချလိုက်ခြင်းကြောင့် အသုံးပြုသူများနှင့် အလုပ်သမားများအတွက် ပို၍အကျိုးရှိစေကြောင်း၊ လျင်မြန်တိုးတက်လျက်ရှိသည့် ဂိမ်းထုတ်လုပ်မှုလုပ်ငန်းများကို လွှမ်းမိုး ချုပ်ကိုင်ခြင်းထက် ယင်းလုပ်ငန်းများအကြား ယှဉ်ပြိုင်မှုများ ပို၍တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် Activision ၏ အမှုဆောင်အရာရှိချုပ် Bobby Kotick က ပြောကြား ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

သို့ရာတွင် Microsoft အနေဖြင့် ၎င်း၏ Xbox console ကိုဝယ်ယူအသုံးပြုသူများ သာမက   Activision ၏ ဂိမ်းဝန်ဆောင်မှုများကို ဝယ်ယူထားသူများကိုပါ ထိန်းချုပ်နိုင်သည့် ဝယ်ယူမှုဖြစ်ကြောင်း FTC က စွပ်စွဲထားသော်လည်း ဤဝယ်ယူမှုသည် ဂိမ်းကစားသူများနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို ကောင်းမွန်စေကြောင်း Microsoft က ငြင်းချက်ထုတ်ထား ပါကြောင်း၊ FTC သည် Meta Platforms ဝယ်ယူမှုနှင့် ပတ်သက်၍လည်း ယခုနှစ်အစောပိုင်းတွင် ရပ်တန့်ရန် ကြိုးပမ်းခဲ့ပြီး ယင်းသို့ကြိုးပမ်းချက်အပေါ် ပြန်လည်လက်လွှတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

တရားရုံးများသည် ကော်ပိုရိတ်လုပ်ငန်းများ တိုးချဲ့ရေးကိုသာဦးစားပေးပြီး စားသုံးသူအကာအကွယ်ပေးရေးနှင့် ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေများ အသက်ဝင်ရေးကို နောက်သို့တွန်းပို့နေခြင်းအပေါ် FTC  ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် Lina Khan အနေဖြင့် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖက်ဒရယ်တရားရုံးများသည် စားသုံးသူများ၏ ဈေးနှုန်းသတ်မှတ်ချက် ကိုသာ အလေးထားပြီး တီထွင်ဖန်တီးနိုင်မှုနှင့် စားသုံးသူများ၏ ရွေးချယ်ခွင့်ကို ငြင်းပယ်နေ သည်ဟုလည်း ၎င်းကပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။

Microsoft သည် Activision ကို အမေရိကန်ဒေါ်လာ ၆၉ ဘီလီယံဖြင့် ဝယ်ယူရန် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကြေညာခဲ့ပြီး ဥရောပ ၊ တရုတ်နှင့် အခြားနိုင်ငံအများစုတွင် ခွင့်ပြုချက် ရရှိရန် ဆောင်ရွက်လျက်ရှိရာ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ နှစ်နိုင်ငံတွင် ခွင့်ပြုချက်ရရှိရန် ပိတ်ဆို့ခံထားရပါကြောင်း၊ ဗြိတိန်နိုင်ငံရှိ ဂိမ်းထုတ်လုပ်ရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်မှုကို ထိခိုက်နိုင်သဖြင့် ဗြိတိန်ယှဉ်ပြိုင်မှုနှင့် ဈေးကွက်အာဏာပိုင်အဖွဲ့ (Competition and Markets Authority)က အဆိုပါဝယ်ယူမှုကို ပယ်ချခဲ့ခြင်းဖြစ်ပါကြောင်း၊ Microsoft အနေဖြင့် ယှဉ်ပြိုင်မှု အယူခံခုံရုံး (U.K.’s Competition Appeal Tribunal) သို့ အယူခံတင်ပြထားရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် ကြားနာရန်ရှိပါကြောင်း၊ သို့ရာတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ သည် Microsoft အနေဖြင့် Activision ကို ဝယ်ယူရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပြီး ယင်းရက်တွင် ဝယ်ယူနိုင်ခြင်းမရှိပါက Activision အနေဖြင့် ဘဏ္ဍာရေးသတ်မှတ်ချက် အသစ်ဖြင့် ပြန်လည်ညှိနှိုင်းနိုင်ကြောင်း သိရှိရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News