International News

ဥရောပကော်မရှင်သည် ၂၀၂၃ ခုနှစ်အတွက် ဂျာမနီ၏ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ပြန်လည် လျှော့ချ

Last Updated:

ဂျာမန်စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ကျုံ့နိုင်ဖွယ်ရှိကြောင်း ဥရောပကော်မရှင်က ၁၁-၉-၂၀၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဂျာမနီ၏ Gross Domestic Product (GDP) သည် ယခင် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက် ဖြစ်သော ၀.၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် ၀.၄ ရာခိုင်နှုန်းခန့်ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

ယူကရိန်းစစ်ပွဲနှင့် ၎င်း၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသော စွမ်းအင်စျေးနှုန်းများသည် ထုတ်လုပ်မှုကဏ္ဍကို  ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။

ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုနှုန်းကိုလည်း ယခင်ခန့်မှန်းထားခဲ့သော ၁.၁ ရာခိုင်နှုန်းထက် ကျဆင်းပြီး ၂၀၂၃ ခုနှစ်တွင် ၀.၈ ရာခိုင်နှုန်းခန့်နှင့် ၂၀၂၄ ခုနှစ်အတွက်မူ ယခင်ခန့်မှန်းထားသည့် ၁.၆ ရာခိုင်နှုန်း အောက်ကျဆင်းပြီး ၁.၃ ရာခိုင်နှုန်းခန့် ရှိလိမ့်မည်ဟု မျှော်မှန်းထားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံ(၂၀)ပါဝင်သော ယူရိုဇုန်သည် ယခုနှစ်၏ ပထမသုံးလပတ်တွင် စီးပွားရေးကျဆင်းမှုဘက်သို့ ရောက်ရှိခဲ့သည်။ ယင်းသို့ စီးပွားရေးနှောင့်နှေးကျဆင်းနေရခြင်း၏ အကြောင်းအရင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်းကြောင့် ဝယ်လိုအားများကျဆင်းလာခြင်း၏ရလဒ်ဖြစ်ကြောင်း၊ ပြည်တွင်းဝယ်လိုအား အထူးသဖြင့် စားသုံးသူများ၏ဝယ်ယူမှု အားနည်းနေခြင်းသည်လည်း ကုန်စည်နဲ့ဝန်ဆောင်မှုအများစု၏ စားသုံးသူဈေးနှုန်းများ မျှော်မှန်းထားသည်ထက် မြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်းနှင့် ယင်းသည် ပိုမိုဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင်သည်ကို ပြသနေခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။

စီးပွားရေးသည် ကျဆင်းမှုဘက်သို့ ဦးတည်နေသော နည်းလမ်းအမျိုးမျိုးနှင့် ရင်ဆိုင်နေရသောကြောင့် လာမည့်လများအတွင်း ပိုမိုအားနည်းလာဖွယ်ရှိသည်ဟု မျှော်မှန်းထားကြောင်း EU Economy Commissioner ဖြစ်သူ Paolo Gentiloni က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အီးယူစီးပွားရေးသည် ကပ်ရောဂါနှင့် ရုရှား-ယူကရိန်း စစ်ပွဲတို့၏ ကြီးမားသော တုန်လှုပ်မှုနှစ်ခု ကို ခံစားခဲ့ရကြောင်း ကော်မရှင် ဒုတိယဥက္ကဌ Valdis Dombrovskis ကပြောကြားခဲ့သည်။

ယူရိုဇုန်၏ အဓိကကျသော စီးပွားရေးအားလုံးတွင် စီးပွားရေးလုပ်ဆောင်မှုများ နှေးကွေးနေရ ခြင်းမှာ  ဂျာမနီတွင် စီးပွားရေးအားနည်းနေခြင်း၏ အရင်းအမြစ်တစ်ခုပင်ဖြစ်သည်။ စွမ်းအင် စျေးနှုန်းများ မြင့်မားနေခြင်းနှင့် အဓိက ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ဝယ်လိုအား နှေးကွေးလာခြင်းတို့သည် ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်ကို ဦးစားပေးသော ဂျာမနီနိုင်ငံ၏ စီးပွားရေးကို ရိုက်ခတ်ခဲ့သည်။

ဂျာမနီသည် ယခုနှစ်အတွင်း အဓိက စီးပွားရေးနိုင်ငံကြီးများထဲမှ တစ်ခုတည်းသော စီးပွားရေး ကျုံ့နိုင်ဖွယ်ရှိသည့်နိုင်ငံဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ဇူလိုင်လတွင် ပြောကြားခဲ့သည်။

ယူရိုဇုန်တွင်လည်း အလုပ်လက်မဲ့နှုန်း စံချိန်တင်နိမ့်ကျလာပြီး အလုပ်သမားများအနေဖြင့် ဝင်ငွေ ပိုမိုရရှိလာသောကြောင့် ယူရိုဇုန်၏ စီးပွားရေးအခြေအနေကို ပုံမှန်စီးပွားရေး ကျဆင်းနေသည့် အခြေအနေဟု မသတ်မှတ်သင့်ကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/germany-european-commission-cuts-2023-growth-forecast/a-66776816

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News