International News

ကိုရီးယားစားသောက်ကုန်များ ရေပန်းစားလာမှုကြောင့် တောင်ကိုရီးယားနိုင်ငံရှိ စားသောက်ကုန်ကုမ္ပဏီကြီးများ၏ ထုတ်ကုန်များ ရောင်းချမှုဝင်ငွေ ဝမ် ၄ ထရီလီယံအထိရရှိရန် ရည်မှန်းထား

Last Updated:

၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယား စားသောက်ကုန်များ ထုတ်လုပ်တင်ပို့ရောင်းချသည့် ကုမ္ပဏီကြီးများအရေအတွက် ပိုမိုမြင့်မားလာကြောင်း၊ ပြည်ပဈေးကွက်တွင်၏ အဆိုပါ ကိုရီးယား ကုမ္ပဏီကြီးများ၏ ရောင်းအားပိုမိုအားကောင်းလာကြောင်း စားသောက်ကုန်လုပ်ငန်းကဏ္ဍကို လေ့လာစောင့်ကြည့်သူများက ၁၁-၁၀-၂၀၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါ သည်။

ပြည်တွင်းဈေးကွက်အတွင်း သဘာဝထွက်ကုန်များနှင့် စားသောက်ကုန်များဈေးနှုန်းမြင့်မားလာမှုကြောင့် ပြည်တွင်းရောင်းချမှုနှုန်းကျဆင်းနေသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ကိုရီးယား စားသောက်ကုန်များရေပန်းစားလာသည့်အတွက် အဆိုပါကုမ္ပဏီများ ဆက်လက်ရပ်တည်နေနိုင် ခြင်းဖြစ်ပါသည်။ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီသည် တစ်နှစ်လျှင် ကိုရီးယားဝမ်ငွေ ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံ) ရောင်းအားရှိပါက ကုမ္ပဏီကြီးဟု ယခင်က သတ်မှတ်ကြပါသည်။ ၂၀၂၂ ခုနှစ်အတွင်း တစ်နှစ်လျှင် ၃ ထရီလီယံဝမ် ရောင်းအားရှိ သည့် ကုမ္ပဏီ ၄ ခုသာရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၁၀ ခုအထိ ရှိလာပြီဖြစ်ပါသည်။ အဆိုပါကုမ္ပဏီ ၁၀ ခုအနက် အချို့သည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့ရောင်းအားကို ၄ ထရီလီယံဝမ်အထိ ရောက်ရှိလာမည် ခန့်မှန်းထားကြပါသည်။

စားသောက်ကုန်ကုမ္ပဏီကြီးများအနက် ရောင်းအားအကောင်းဆုံးကုမ္ပဏီမှာ CJ Cheilje- dang ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ရောင်းချရမှုပမာဏသည် ဝမ်ငွေ ၂၉ ထရီလီယံ ရရှိခဲ့သည့်အပြင် ၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်း ဝင်ငွေ ၁၄.၅ ထရီလီယံဝမ်ဝင်ငွေရရှိခဲ့ပြီးဖြစ်ပါသည်။  နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂၉.၇ ထရီလီယံအထိ ရရှိမည်ဟုမျှော်လင့်ထားပါသည်။ အထူးသဖြင့် CJ Cheiljedang မှ ထုတ်သည့် Bibigo တံဆိပ်စားသောက်ကုန်များ (ဖက်ထုတ်၊ ရေညှိထမင်းလိပ်၊ တော့ပုကီ (ဆန်ဖြင့်လုပ်ပြီး ချိုစပ်အရသာရှိသည့် ဟင်းနှစ်ဖြင့်စားရသည့် စားစရာ) ကို ပြည်ပသို့ တင်ပို့ရောင်းချရမှုများလာပါခဲ့သည်ဟု CJ Cheiljedang မှ ထုတ်ပြန်ထားပါသည်။ CJ Cheilje- dang သည် ၎င်း၏ထုတ်ကုန်များကို Professional Golfers' Association Tour မှ စီစဉ်တင်ဆက် သည့် နိုင်ငံတကာအားကစားပွဲများတွင် ကြေညာခြင်း၊ နိုင်ငံတကာလေကြောင်း လိုင်းများတွင် ရွေးချယ်စားသုံးနိုင်သည့် အစားအစာများစာရင်းတွင် မိတ်ဆက်ပေးခြင်းတို့ဖြင့် ဈေးကွက်မြှင့်တင်နေပါကြောင်း၊ ၎င်းတို့ ထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်တွင် သိရှိစေရန်ဆောင် ရွက်မည့်နည်းဗျူဟာများ အသုံးပြု၍ ဆေဂကွက်ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ပါကြောင်း CJ Cheiljedang မှ ထုတ်ပြန်ထားပါသည်။

Lotte Chilsung ရောင်းအားသည်လည်း ၂၀၂၃ ခုနှစ်တွင် ဝမ်ငွေ ၃.၂  ထရီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဝမ်ငွေ ၄.၁ ထရီလီယံအထိ ရရှိရန် ရည်မှန်းထားပါသည်။  ဖိလစ်ပိုင်နိုင်ငံရှိ လက် အောက်ခံကုမ္ပဏီဖြစ်သည့် Pepsi Philippines ၏ ရောင်းအားသည် ၂၀၂၄ ခုနှစ် ပထမ ၆ လတွင် ဝမ်ငွေ ၈၀၃ ဘီလီယံအထိ ရရှိခဲ့ရာ ၂၀၂၃ ခုနှစ်ကဝင်ငွေထက် ၃ ဆပိုမိုခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ Pepsi Philippines အား လက်အောက်ခံကုမ္ပဏီအဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်ခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ ရောင်းအားတက်လာခြင်းဖြစ်သည်ဟု ကြေညာခဲ့ပါသည်။

Daesang ကုမ္ပဏီသည်လည်း ကင်မ်ချီ၊ ဆော့စ်၊ အသင့်စားအစားအစာများနှင့် ရေညှိခြောက်များကို အဓိကတင်ပို့နေရပါကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၂ ခုနှစ်အတွင်း ကင်မ်ချီထုတ်လုပ်သည့်စက်ရုံကို တည်ထောင်ထားရှိသည့်အပြင် ပိုလန်နိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်မှစတင်၍ တည်ဆောက်နေပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် စားသောက်ကုန်များထုတ်သည့် Lucky Foods ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ဝင်ငွေအားဖြင့်လည်း ၂၀၂၃ ခုနှစ်အတွင်း ဝမ်ငွေ  ၄.၁၄ ထရီလီယံအထိ ရရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဝမ်ငွေ  ၄.၂၉ ထရီလီယံအထိ ရရှိရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ဝမ်ငွေ ၃ ထရီလီယံအထက်ရရှိခဲ့သော အခြားကုမ္ပဏီများမှာ Lotte Wellfood၊ Dongwon F&B၊ Ottogi၊ SPC Samlip၊ Nongshim၊ CJ Freshway နှင့် Pulmuone တို့ဖြစ်ကြပြီး တူနာငါး သေတ္တာများ၊ အသင့်စားထမင်းဗူးများ၊ အသင့်စားခေါက်ဆွဲခြောက်များ၊ အသင့်စားစားသောက် ကုန်မျိုးစုံ၊ အသင့်စားအသားထွက်ကုန်များနှင့် အသင့်စားအပင်အခြေပြုစားသောက်ကုန်မျိုးစုံစ သည်တို့ကိုတင်ပို့ရောင်းချနေကြသည့် ကုမ္ပဏီများဖြစ်ကြပါသည်။

စားသောက်ကုန်လုပ်ငန်းများသည် များသောအားဖြင့် အမြတ်အစွန်းနည်းသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်ပတွင် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချပြီး အမြတ်အစွန်းများစေရန် အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ရောက်ရှိသည့်နိုင်ငံအကြိုက်/ အရသာနှင့်အညီ ပြောင်းလဲ ထုတ်လုပ်ထားသည့် ကုန်စည်များထုတ်လုပ်နိုင်ရေး သုတေသနပြု ဂရုစိုက်ဆောင်ရွက်သင့် ကြောင်း Korea Food Industry Research Institute (ကိုရီးယားစားသောက်ကုန်လုပ်ငန်း သုတေသနတက္ကသိုလ်) က အကြံပြုထားပါသည်။

သို့ဖြစ်ပါ၍ သဘာဝအရင်းအမြစ်များသော မြန်မာနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းရှင်များ အနေဖြင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ရင်းနှီးမြှုပ်နှံ၍ မိမိတို့ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်တွင် သွင်းကုန်အစားထိုးအနေဖြင့် နေရာယူနိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သင့်ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် လက်ရှိတွင်ကမ္ဘာအနှံ့ကြုံတွေ့နေရသောစိန်ခေါ်မှုများကြောင့် အာဆီယံနိုင်ငံများဈေးကွက်အပေါ် အားထားမှုမြင့်မားလာပါသည်။ အာဆီယံသည် တောင်ကိုရီး ယားနိုင်ငံ၏ ဒုတိယမြောက် ကုန်သွယ်ဖက်ဖြစ်သည့်အပြင် အာဆီယံတွင်ဒုတိယမြောက် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိပါသည်။

သို့ဖြစ်၍ ကိုရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေသော စားသောက်ကုန်နှင့် ဆက်စပ်သည့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ ရောင်းချ‌နေ သောလုပ်ငန်းရှင်များနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်၍ ပို့ကုန်မြှင့်တင်နိုင်မည့်နည်းလမ်းများကို ညှိနှိုင်းအဖြေရှာဆောင်ရွက်သင့်‌သည့်အပြင် မရှိမဖြစ်လိုအပ်သည့် ကုန်ကြမ်းများအတွက် သွင်းကုန်အစားထိုးနိုင်မည့် နည်းလမ်းများရှာဖွေရေး အနီးကပ်ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံဆွဲဆောင်နိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါ သည်။

 

Source: https://www.koreatimes.co.kr/www/tech/2024/10/129_384069.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News