International News

လုပ်ငန်းပိတ်သိမ်းမှု တိုးမြင့်လာချိန်တွင် SMEs လုပ်ငန်းများအတွက် အကူအညီပိုမိုပေးနိုင်ရန် ဟောင်ကောင်ဒေသအစိုးရ စဉ်းစား

Last Updated:

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကုမ္ပဏီပိတ်သိမ်းမှုများ တိုးမြင့်လာခြင်းနှင့်အတူစီးပွားရေး အပြောင်း အလဲများကို အမီလိုက်နိုင်ရန် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အကူအညီပေးရေး ဆောင်ရွက်ချက်များကို ဟောင်ကောင်ဒေသအစိုးရ စဉ်းစားဖော်ဆောင်သွားမည်ဖြစ်ကြောင်း South China Morning Post သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် “Hong Kong leader to consider more SME help amid rising business closures” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်.

ဒေသအစိုးရအနေဖြင့် SMEs လုပ်ငန်းများကို ထောက်ပံ့ပေးလျက်ရှိရာ ဟောင်ကောင်ဒေသအမှတ်တံဆိပ်များကို အသိအမှတ်ပြုမှုမြှင့်တင်ရေးနှင့် တရုတ်ပြည်မဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်ရာတွင် အကူအညီပေးနိုင်ရေးအတွက် ယခုနှစ် ဇန်နဝါရီလအတွင်း၌ ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် e-commerce လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်ဟု ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ် John Lee Ka-chiu က ပြောကြားခဲ့ပါသည်။

လာမည့်သီတင်းပတ်အတွင်း နှစ်စဉ်မူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားမည့် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ်သည် SMEs လုပ်ငန်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့ပြီး၊ ထိုသို့ တွေ့ဆုံစဉ် ဒေသစီးပွားရေး အသွင်ပြောင်းလဲမှုနှင့် ပြန်လည်ထူထောင်ချိန်တွင် လုပ်ငန်းနယ်ပယ်အသီးသီး၌ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို သိရှိခဲ့ရသည်ဟု ၎င်း၏ ဆိုရှယ်မီဒီယာ အကောင့်တွင် ရေးသားထားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာအတွင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏  စီးပွားရေးအမြင်တည်ငြိမ်နေပြီး မျှော်မှန်းချက် မြင့်တက်လာသည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနက ပြောကြားခဲ့ကြောင်းရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသပြင်ပ၌ ဖြစ်ပေါ်နေသည့် မရေရာမှုများကြောင့် ဒေသအပေါ် သက်ရောက်မှုရှိနေချိန်တွင် အမေရိကန်နိုင်ငံ၏ အတိုးနှုန်းလျှော့ချမှုကြောင့် စီးပွားရေးအသိုင်းအဝိုင်း၏ အမြင်မှာ အကောင်းဘက်သို့ ဦးတည်နေကြောင်းနှင့် ဗဟိုအစိုးရမှ လတ်တလော ချမှတ် ဆောင်ရွက်နေသည့် တရုတ်ပြည်မ၏ စီးပွားရေးအထောက်အကူပြုမူဝါဒများနှင့် ဆောင်ရွက်ချက်များသည်လည်း ဟောင်ကောင်ဒေသအတွက် အကျိုးပြုရုံသာမက အသေးစားနှင့်အလတ် စားလုပ်ငန်းများကို အထောက်အကူပြုမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လအထိ စာရင်းဇယားများအရ ဟောင်ကောင်ဒေသတွင် အသေးစားနှင့် အလတ်စား လုပ်ငန်း (SMEs) ၃၆၀,၀၀၀ ခန့်ရှိပြီး စုစုပေါင်း စီးပွားရေးလုပ်ငန်းများ၏ ၉၈ ရာခိုင်နှုန်းရှိပါသည်။ ပြီးခဲ့နှစ်နှစ်အတွင်း ကုမ္ပဏီများ ပိတ်သိမ်းမှု တိုးလာပြီး ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ ၈၈,၂၃၂ ခု၊ ၂၀၂၃ ခုနှစ်တွင် ၉၄,၀၀၂ ခုနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ၇၆,၇၀၇ ခု ပိတ်သိမ်းခဲ့ကြောင်း ကုမ္ပဏီမှတ်ပုံတင်ဌာနမှ အချက်အလက်များတွင် ဖော်ပြထားပါသည်။

တာဝန်ရှိသူများအနေဖြင့် မူဝါဒတစ်ခုတည်းကို အမှီပြု၍ လုပ်ငန်းအားလုံးကို အကူအညီမပေးနိုင်ကြောင်း၊ လုပ်ငန်းနည်ပယ်အသီးသီး ကြုံတွေ့နေရသည့် အခြေအနေများကို လေ့လာသင့်ကြောင်းနှင့် ကဏ္ဍအလိုက် အထောက်အပံ့ပေးသည့် အစီအစဉ်မရှိပါက ထင်သလောက် အကျိုးဖြစ်ထွန်းမည် မဟုတ်သောကြောင့် အစိုးရအနေဖြင့် လုပ်ငန်းကဏ္ဍများအသီးသီးအတွက် လိုအပ်သည့် ထောက်ပံ့ရေးအစီအစဉ်များကို စဉ်းစားသင့်သည်ဟု ဥပဒေပြုအမတ် Johnny Ng Kit-chongက တိုက်တွန်းပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှုကဏ္ဍ၌ လျင်လျင်မြန်မြန် ပြောင်းလဲမှုနေပြီး စားသုံးသူများအနေဖြင့် e-commerce ပလက်ဖောင်းနှင့် social media များကို အသုံးပြုဈေးဝယ်ခြင်းများ ပိုမိုမြင့်မားနေသော်လည်း ငွေရေးကြေးရေး အခက်အခဲကြောင့် SMEs လုပ်ငန်းများအနေဖြင့် e-commerce ပလက်ဖောင်း သို့ ကူးပြောင်းလုပ်ဆောင်ခြင်းမရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရပါသည်။ သို့ဖြစ်၍ SMEs လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေရန် ဟောင်ကောင် ဒေသအစိုးရအနေဖြင့် branding, upgrading and domestic sales – the BUD Fund မှတစ်ဆင့် လုပ်ငန်းများ အကူအညီပေးလျက်ရှိပြီး၊ နောက်ထပ်ကူညီထောက်ပံ့မှုများ ပိုမိုလုပ်ဆောင်ပေးနိုင်ရေးအတွက် ဒေသအစိုးရအနေဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News