International News

တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့အကြား ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ သဘော တူညီချက် လက်မှတ်ရေးထိုး

Last Updated:

တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့အကြား ချုပ်ဆိုထားသည့် Mainland & Hong Kong Closer Economic Partnership Arrangement (CEPA) Agreement on Trade in Services ကို ပြင်ဆင်သည့် ဒုတိယသဘောညီချက် (Amendment Agreement II) ကို ဟောင်ကောင်ဒေသနှင့် တရုတ်ပြည်မ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၏ “New trade in services pact signed” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည့် အဆိုပါ ပြင်ဆင်မှု သဘောတူညီချက်-၂ တွင် ငွေရေးကြေးရေးဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေးနှင့် စပ်ဆက် အင်ဂျင်နီယာလုပ်ငန်းဝန်ဆောင်မှုများ၊ စမ်းသပ်ခြင်းနှင့် သက်သေခံလက်မှတ်ထုတ်  ပေးခြင်း၊ ကြေးနန်းဆက်သွယ်ရေး၊ ရုပ်ရှင်လုပ်ငန်း၊ ရုပ်မြင်သံကြားနှင့် ခရီးသားဝန်ဆောင်မှုများကဲ့သို့ ဟောင်ကောင်ဒေသမှ ယှဉ်ပြိုင်အကျိုးအမြတ်ရရှိနေသည့်  ဝန်ဆောင်မှုကဏ္ဍများ အတွက် ဖြေလျှော့မှုသစ်များပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဖြေလျှော့မှုများမှာ ရှယ်ယာပိုင်ဆိုင်မှုနှင့် လုပ်ငန်းလုပ်ကိုင်နိုင်မည့် နယ်ပယ်ကန့်သတ်ချက် များ ဖြေလျှော့ခြင်းနှင့် ဟောင်ကောင်ဒေသမှ ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အတွက် အရည်အချင်းလိုအပ်ချက် ဖြေလျှော့ခြင်းနှင့်တရုတ်ပြည်မသို့တင်ပို့မည့်ဟောင်ကောင် ဒေသ ဝန်ဆောင်မှုပို့ကုန်များအတွက် ကန့်သတ်ချက်များ ဖြေလျှော့ခြင်းတို့အပါအဝင် ပုံစံအမျိုးမျိုးဖြစ်ကြောင်း ကုန်သွယ်မှုနှင့် စက်မှုဌာနမှ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဖြေလျှော့မှုအများစုမှာ တရုတ်ပြည်မတစ်ခုလုံးတွင် အသုံးပြုနိုင်မည်ဖြစ်သော်လည်း အချို့ ဖြေလျှော့မှုများမှာ မဟာပင်လယ်ကွေ့ဒေသရှိ ပုလဲမြစ်ဝကျွန်းပေါ်ဒေသ ပြည်နယ် (၉) ခုတွင် ရှေ့ပြေးအနေဖြင့် စမ်းသပ်အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ဖြေလျှော့ချက်အသစ်များကြောင့် ဟောင်ကောင်ဒေသမှ ကုမ္ပဏီများနှင့် ကျွမ်းကျင်မှုကဏ္ဍများမှာ တရုတ်ပြည်မဈေးကွက် ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ စီးပွားရေးလုပ်ငန်းနှင့် ကျွမ်းကျင်သူများ တရုတ်ပြည်မသို့ လုပ်ငန်းချဲ့ထွင်နိုင်ရေးတွက် သဘောတူညီချက်ပါ အစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဟောင်ကောင်ဒေသအစိုးရ အနေဖြင့် နယ်ပယ်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသ အစိုးရ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ပြင်ဆင်မှုသဘောတူညီချက် ၂ အရ ဟောင်ကောင်ဒေသတွင် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများအတွက် ဟောင်ကောင်ဒေသဥပဒေကို အသုံးပြုခွင့်နှင့် အနုညာတစီရင်မှုနေရာကို ဟောင်ကောင်ဒေသအား ရွေးချယ်နိုင်ခြင်းအပါအဝင် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းရရှိမည်ဖြစ်သည်ဟု ရေးသားဖော်ပြထားပါသည်။

အဆိုပါ သဘောတူညီချက်အသစ်အရ ဟောင်ကောင်ဒေသမှ ဝန်ဆောင်မှုပေးသူများအတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် သက်ဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု ၃ နှစ် ရှိရမည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ပေးခဲ့ရာ ဟောင်ကောင်ဒေသမှ တည်ထောင်စ လုပ်ငန်းများအတွက် ကာလတိုအတွင်း CEPA အောက်မှ ရရှိမည့် အထူးအခွင့် အရေးများကို ရရှိနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတစ်လွှားမှ လုပ်ငန်းများနှင့် အရည်အချင်းရှိသူများ ဟောင်ကောင်ဒေသသို့ လာရောက်ကာ တရုတ်ပြည်မဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းလာကြမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: International News